Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ သင်္ဘောများက ဧရာဝတီမြစ်ဘေးရှိရွာများအား ရမ်းပစ်နေ၍ ပြည်သူများဘေးလွတ်ရာနေထိုင်ရန် ထီးချိုင့်နှင့် သပိတ်ကျင်း(ပကဖ) သတိပေး

ထီးချိုင့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာချိန်တိုင်း စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းတလျှောက်နှင့် စစ်ကောင်စီများ ရှိသောနေရာများတွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း အသိပေးထားသည်။

(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)
(ဂေါဝိန်ဆိပ်မှထွက်လာသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)

မန္တလေးမြို့မှ ထွက်လာသော စစ်ကောင်စီ သင်္ဘောများသည် ဧရာ၀တီမြစ်ဝဲယာလမ်းကြောင်း တလျှောက်ရှိ ကျေးရွာများအား လက်နက်ကြီး၊ ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီးဆန်တက်လာနေ၍ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းကာ ခိုင်မာသော အကာအကွယ်ယူ၍ နေထိုင်ကြရန် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ယနေ့ ထုတ်ပြန်သည်။

ထို့ပြင် ထီးချိုင့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာချိန်တိုင်း စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းတလျှောက်နှင့် စစ်ကောင်စီများ ရှိသောနေရာများတွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ကျေးရွာများအတွင်းရှိ ပြည်သူများ အန္တရာယ်ကင်းရှင်းရန်အတွက် ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းနေထိုင်ကြရန် အသိပေးထားသည်။

ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ထပ်ဆင့်၍ အချိန်နှင့်တပြေးညီ အကြောင်းကြားရန်လည်းဖော်ပြထားသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး ဧရာဝတီ မြစ်ကမ်းဘေးရှိ ပြည်သူများ သတိထားနေထိုင်ရန် ဖော်ပြသည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စစ်သင်္ဘောများသည် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထွက်ခွာလာရာ မတ္တရာ၊ ဝက်လက်၊ စဉ့်ကူး အစရှိသည့် မြို့နယ်များသို့ ကျော်ကာ အထက်သို့ ဆန်တက်လာခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ စစ်သင်္ဘောများ ဆန်တက်လာခဲ့သည့် မြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်များသည် သင်္ဘောပေါ်မှ နေ၍ ပြည်သူများရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် မြစ်ကမ်းဘေးတွင် သင်္ဘောရပ်ကာ မြစ်ဆိပ်အနီးရှိ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို အကြမ်းဖက်လုယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိတို့ ပိုင်ဆိုင်သည့် တန်ဖိုးကြီးပစ္စည်းများ၊ အရေးကြီးပစ္စည်းများ၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား အစရှိသဖြင့် အရေးကြီး စာရွက်စာတမ်းများအား အသင့် ထုပ်ပိုးပြင်ဆင်ထားပြီး စစ်ကောင်စီတပ်များ ရုတ်တရက် ဝင်ရောက်လာလျှင် အလွယ်တကူ ရှောင်တိမ်းနိုင်ရန်နှင့် လက်နက်ကြီးရန်မှ ကင်းဝေးစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သတိပေး၊ အသိပေးချက်များကို နားစွင့်ထားကြပါရန် မေတ္တာရပ်ခံထားသည်။