Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်ရှိ ကန်ထောင့်ရဲစခန်းအား လက်နက်ကြီးတပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ချိန် မိနစ် ၄၀ခန့် ကြာခဲ့ပြီး စခန်းတွင်းရှိ စစ်အုပ်စုဝင် တစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း DRPA၏ တာဝန်ရှိသူက ဆိုသည်။

(ပုလဲမြို့နယ်ရှိ ကန်ထောင့်ရဲစခန်အား တိုက်ခိုက်ရန် လက်နက်ကြီးများပြင်ဆင်နေစဥ်။ ဓာတ်ပုံ - DRPA)
(ပုလဲမြို့နယ်ရှိ ကန်ထောင့်ရဲစခန်အား တိုက်ခိုက်ရန် လက်နက်ကြီးများပြင်ဆင်နေစဥ်။ ဓာတ်ပုံ - DRPA)

▪️ပခုက္ကူတွင် စစ်သားနှင့်ပျူများ လိုက်ပါလာသောယာဥ် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ထောင့်ရဲစခန်းအား လက်နက်ကြီးတပ်ပေါင်းစုက မိနစ် ၃၀ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇူလိုင် ၂၄ ရက် ည ၁၂နာရီခန့်က အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော ပုလဲမြို့နယ် ကန်ထောင့်ရဲစခန်းအား လက်လုပ် (၆၀)မမ ၊ (၈၀)မမနှင့် (၁၂၀) မမတို့ဖြင့် အလုံးပေါင်း ၆၀ ခန့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်းအမှတ်(၃၀) အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်DRPA၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ချိန် မိနစ် ၄၀ခန့် ကြာခဲ့ပြီး စခန်းတွင်းရှိ စစ်အုပ်စုဝင် တစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း DRPA၏ တာဝန်ရှိသူက ဆိုသည်။

“မြန်မြန်ပစ်တာဖြစ်တဲ့အတွက် ဒီကောင်တွေဘက်က လက်နက်ကြီးနဲ့ထုတာမျိုးတော့မရှိဘူး။ လက်နက်ငယ်နဲ့ ပြန်ပစ်တာမျိုးရှိတယ်။ တစ်ဦးသေ တစ်ဦးဒဏ်ရာရတာလည်း သတင်းပေးတွေဆီကနေအတည်ပြုတာပါ။”ဟု DRPA၏ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရသူကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက မုံရွာမြို့မှရဟတ်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို တပ်ရင်းအမှတ်(၃၀) အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် တပ်ခွဲ (၄) Black Shadow PDF ၊ B.E.D ငညို၊ MRDA တပ်ရင်း(၆) တပ်ခွဲ(၁) စွန်ရဲ ၊ တပ်ရင်းအမှတ် (၂၉) တပ်ခွဲ (၅) Golden Star Force၊ ဒေါင်းမင်းစစ်ကြောင်း၊ အညာဒေသတပ်ခွဲ၊ မိုးသောက်ကြယ်(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ SBTF (Salingyi Border Task Force)၊ ပ.က.ဖ FBGA ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အာဠာဝက LPDF၊ တောသားကြီးပြည်သူ့ကာကွယ်ရေး အဖွဲ့၊ နယ်စည်းမခြားဇာမဏိ ပြောက်ကျား၊ Eagle ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ G.T.F ခွဲ(၂) ယက္ခညီနောင်၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ စစ်ကျွန််မခံ မြွေဆိုးတသိုက် LPDF၊ မင်းလက်ဝါး ပုလဲမြေပြင် ပျောက်ကြားအဖွဲ့၊ ဆည်တော်ဦး ၊မုံရွာ-သေမင်းတမာန် (ဖ.ဝ.တ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းကလည်း ကန်ထောင့်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး(၉)လုံးချ တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

တခြားသတင်းတရပ်အဖြစ် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ဆေးရေးဂိတ်မှ ပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများလိုက်ပါလာသော ယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

ဇူလိုင် ၂၅ ရက် ညနေ ၄နာရီခန့်က ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာစစ်ဆေးရေးဂိတ်မှ စစ်သားနှင့်ပျူ ၆ ဦးသည် Alphard ကားဖြင့် ပြန်လာစဥ် ကန်တော်ရွာနှင့်ကမ္မမြို့ကြားတွင် မြိုင်(ပကဖ) တပ်ရင်း – ၁ တပ်ခွဲ (၅) အဖွဲ့က အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကမ္မမှာ သောက်တာစားတာလုပ်မယ်ထင်တယ်။ ကန်တော်နဲ့ ကမ္မကြားမှာ စောင့်ပြီး ဝင်ပစ်တာ။”ဟု မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

ယာဉ်မောင်းတစ်ဦးသာ ထိမှန်ခြင်းမရှိဘဲ ကျန်စစ်သားနှစ်ဦး၊ ရဲတစ်ဦး၊ ပျူ နှစ်ဦး သေဆုံးပြီး ကမ္မမြို့မရဲစခန်းဝင်းအတွင်း မြှပ်နှံသွားသည်ဟု မြိုင်(ပကဖ)က ဆိုသည်။ သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။