Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရေးတော်ပုံများအတွင်း အသက်ပေးသွားသည့် ပြည်သူများ၏ကျေးဇူးတရားကို ပြန်ပေးဆပ်ရမည်ဟု ယာယီသမ္မတပြော

“ဒီမိုကရေစီရေး လူထုတော်လှန်ရေးအတွင်းမှာ အသက်ပေးသွားကြသူ အပေါင်းကို အကောင်းဆုံးကျေးဇူးဆပ်ခြင်းဆိုတာကတော့ နွေဦးတော်လှန်ရေးကို အလုံးစုံ အပြီးသပ်အောင်မြင်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်” ဟုလည်း ယာယီသမ္မတက ပြောသည်။

(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်လူထုသပိတ်မှ လူငယ်များက စာတန်းပါထီးများဖြင့် ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)
(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်လူထုသပိတ်မှ လူငယ်များက စာတန်းပါထီးများဖြင့် ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)

“စစ်ရာဇဝတ်သားများကို အပြစ်ပေးအရေးယူ တရားစီရင်နိုင်စေဖို့ ခိုင်မာစွာဖြင့် စိတ်ပိုင်းဖြတ်ထားကြပြီးလည်း ဖြစ်ပါတယ်” – ပြည်ထောင်စုဝန်ကြီးချုပ်

အရေးတော်ပုံများအတွင်း အသက်ပေးသွားခဲ့သည့် လူထု၏ကျေးဇူးတရားကို အကောင်းဆုံး ပြန်ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ကျရောက်သည့် (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့အခမ်းအနား၌ ပြောကြားသည်။

“ဒီမိုကရေစီရေး လူထုတော်လှန်ရေးအတွင်းမှာ အသက်ပေးသွားကြသူ အပေါင်းကို အကောင်းဆုံးကျေးဇူးဆပ်ခြင်းဆိုတာကတော့ နွေဦးတော်လှန်ရေးကို အလုံးစုံ အပြီးသပ်အောင်မြင်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်” ဟုလည်း ယာယီသမ္မတက ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေး လူထုအရေးတော်ပုံသည် ရှစ်လေးလုံးလူထုအရေးတော်ပုံ၏ အဆက်ဟု နားလည်နိုင်ကြောင်း ၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအရေးတော်ပုံ သန္ဓေတည် ပေါက်ဖွားခဲ့ပြီး ၂၀၂၁ တွင် စတင်သည့် နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေး၊ ကြီးရင့်မှု အဆင့်တစ်ဆင့်ကို ရောက်လာခဲ့သည်ဟု ပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီရေးအတွက် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း တိုက်ပွဲဝင်လာသူ အမြောက်အမြား ရှိပါတယ်။ အဲသည့်ထဲမှာ တချို့ဟာ အသက်နဲ့ ခန္ဓာကို စွန့်လွှတ်ခဲ့ကြရတယ်။ အဲသည့်ထဲက တချို့ကတော့ သူတို့ရဲ့ ဘဝကို ပေးဆပ်လိုက်ကြရတယ်။ အဲသည့်အထဲမှာ မိသားစုနဲ့ ရာထူး စည်းစိမ်ဆိုတာတွေကို စွန့်လွှတ်ပြီး မြှုပ်နှံပေးဆပ်သူတွေလည်း ရှိခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာလည်း ပြည်သူလူထုထဲမှာ ဒီမိုကရေစီရေးအတွက် အဘက်ဘက်က ပေးဆပ် မြှုပ်နှံထားသူတွေ အမြောက်အမြား ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြသူ အပေါင်းရဲ့ မျက်နှာကို ငဲ့ကွက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးမှာ မဖောက်မပြန် မြဲမြံတဲ့ သစ္စာနဲ့ ရှေ့ဆက်ဖို့ လိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး၌ လူထုနှင့်လက်တွဲမဖြုတ်ဘဲ လူထုတော်လှန်ရေးအောင်မြင် ပြီးမြောက် သည်အထိ ဆက်လက်ချီတက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ကတိပြုသည်။

သမိုင်းတလျှောက်တွင် စစ်အာဏာရှင် များသည် ဒီမိုကရေစီ လိုလားသူ ပြည်သူလူထုကို ရက်စက်ရိုင်းစိုင်းစွာ သတ်ဖြတ်နှိမ်နှင်းနေသကဲ့သို့ ပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့်လည်း ၎င်းတို့၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အပြည့်အဝ ရရှိရေးတို့အတွက် အသက်၊ သွေး၊ ချွေးရင်း၍ ဘ၀များစွာ ပေးအဆပ် တိုက်ပွဲဝင်နေကြရဆဲဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

“ကျွန်တော်တို့ဟာ ကမ္ဘာ့အလယ် မျက်နှာငယ်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်၊ အာဏာရှင် အဆက်ဆက်တို့ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အသက်တွေ၊ ဘဝတွေ ရင်းပြီး ခံစားခဲ့ကြရတဲ့ နိုင်ငံသား တွေအတွက်၊ တရားမျှတမှုများ ပြန်လည် ရရှိနိုင်ရေးအတွက် စစ်ရာဇဝတ်သားများကို အပြစ်ပေးအရေးယူ တရားစီရင်နိုင်စေဖို့ ခိုင်မာစွာဖြင့် စိတ်ပိုင်းဖြတ်ထားကြပြီးလည်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

ဖက်ဆစ် အကြမ်းဖက် စစ်တပ်ကို စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှု စစ်မျက် နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာစသည့် စစ်မျက်နှာမျိုးစုံကနေ တော်လှန် တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း ပြောပြသည်။

“ဒီကနေ့ အကြမ်းဖက်စစ်တပ် အဘက်ဘက်က ယုတ်လျော့ အားနည်းလာသော အခြေအနေ ကနေ အလဲထိုးအနိုင်ယူကာ မြန်မာမြေမှာ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ တန်းတူရေးနှင့် ခွင့်တူညီမျှစွာ ငြိမ်းချမ်းရေးပန်း ထာဝရရှင်သန်နိုင်စေဖို့ အဆုံးထိ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမယ် ဆိုတာကို ယနေ့ (၃၅)နှစ်မြောက်ရှစ်လေးလုံး အရေးတော်ပုံကြီးကို တိုင်တည်ရင်း ခေတ်အဆက်ဆက်ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူများကို ဦးညွတ်ရင်း နိဂုံးချုပ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။