Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးတွင် စစ်ကောင်စီတပ် အဘက်ဘက် ကျဆင်းနေပြီး ခံစစ်အနေအထားရောက်နေပြီဟု KNU ပြော

KNU၏ (၁၇)ကြိမ်မြောက် ကွန်ကရက်အပြီး ရက်ပေါင်း ၁၀၀အတွင်း ဆောင်ရွက်ခဲ့သည့် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာများကို ယနေ့တွင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

စစ်ရေးတွင် စစ်ကောင်စီတပ် အဘက်ဘက် ကျဆင်းနေပြီး ခံစစ်အနေအထားရောက်နေပြီဟု KNU ပြော
စစ်ရေးတွင် စစ်ကောင်စီတပ် အဘက်ဘက် ကျဆင်းနေပြီး ခံစစ်အနေအထားရောက်နေပြီဟု KNU ပြော

“စစ်ကောင်စီတပ်မှာ အမှုထမ်းနေတဲ့ တပ်မတော်သားတွေကိုလည်းပဲ တိုင်းရင်းသား ပြည်သူလူထုနဲ့ ပြန်လည်ရပ်တည်ပါလို့ တိုက်တွန်းလိုပါတယ်” – ဗိုလ်မှူးချုပ်စောတာမလာသော

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီတပ်အနေဖြင့် ခံစစ်အနေအထားသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ်စောတာမလာသောက ယနေ့ ပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သတင်းစာရှင်းလင်းပွဲ၌ အသိပေး ပြောကြားသည်။

KNU၏ (၁၇)ကြိမ်မြောက် ကွန်ကရက်အပြီး ရက်ပေါင်း ၁၀၀အတွင်း ဆောင်ရွက်ခဲ့သည့် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာများကို ယနေ့တွင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်ရေအခြေအနေမှာ KNU နယ်မြေဒေသ မြောက်ဘက်ခြမ်းရှိ စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သကဲ့သို့ တောင်ဘက်တွင်လည်း ရေး – ထားဝယ် ကားလမ်းကို စစ်ဆင်နိုင်ကြောင်း၊ KNU တပ်မဟာ(၁)နယ်မြေ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုကားလမ်းမကြီး၌လည်း စစ်ဆင်နိုင်ကြောင်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။

“စစ်ကောင်စီဘက်က စစ်ရေးအခြေအနေက ကျနော်ပြောလိုတာက ပုံမှန်အားဖြင့် တပ်မ စကခ အလိုက် တပ်လဲလှယ်ရေးမှာတစ်နှစ်တစ်ခါ လဲလှယ်တာဖြစ်ပါတယ် သို့သော်လည်း ယခုအချိန်မှာ ၂၀၁၉ ကစပြီး လေးနှစ်ခွဲတပ်လဲလှယ်ရေးမပြုလုပ်နိုင်ပါ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုပါကလည်း ထုတ်နုတ်အင်အားနှင့်သာ လုပ်နေရကြောင်း ရှင်းပြသည်။

“နောက်ပြီးတော့ တပ်စခန်းတစ်ခုနဲ့တစ်ခုလှုပ်ရှားနိုင်မှု စွမ်းအားကလည်း ကျဆင်းနေပါတယ်။

အဓိက တပ်စခန်းဖြစ်တဲ့ ခြေကုပ်စခန်းတွေကို မဖြစ်မနေ သူတို့ ကာကွယ်ရမယ့် စခန်းတွေကို သူတို့ လေယာဉ်နဲ့ ရိက္ခာသယ်နေရတယ် နောက်ပြီး ဒီစခန်းကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ် ရဟတ်ယာဉ်တွေသုံးပြီးကာကွယ်နေရပါတယ်။”ဟု KNU တပ်မှူးက ပြောသည်။

မြို့နှင့်မဝေးသည့် နေရာဒေသများ၌ လုံခြုံရေးအရ ခြိမ်းခြောက်ခံရ၍ စစ်ကောင်စီတပ်က မြို့အဝင်လမ်း၌ စက်ယန္တရားများသုံးပြီးလမ်းများ ဖြတ်တောက်နေရကြောင်း ပြောပြသည်။

“စစ်ကောင်စီ စစ်ရေးအနေအနေအထားက သေနင်္ဂဗျူဟာအရ ခံစစ်အနေအထားကိုရောက်ပြီလို့ ပြောလို့ရပါတယ်။နည်းပရိယာယ်အရတော့ ထိုးစစ်ကို မလုပ်နိုင်ဘဲနဲ့ အဲဒီအစား လက်နက်ကြီးနဲ့ လေယာဉ်ကိုပဲ အစားထိုး အသုံးပြုနေရပါတယ်။ အဲဒီလို လေယာဉ်နဲ့လက်နက်ကြီး အစားထိုးသုံးတာက ပြည်သူလူထုကို ပစ်မှတ်ထားတာပိုပြီးများနေပါတယ်။” ဟု ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။

ထိုသို့ ပစ်မှတ်ထားတိုက်ခိုက်၍ အမျိုးသမီး၊ ကလေးငယ်၊ ဘာသားရေး ခေါင်းဆောင်များအပါအဝင် ပြည်သူများ သေဆုံးထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အဦးများ ၊ဘာသာရေးအဆောက်အဦးများ ပျက်စီးမှုများစွာရှိခဲ့သည်ဟု ရှင်းလင်းသည်။

“သိန်းနဲ့ချီပြီး ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်”ဟု ဗိုလ်မှူးချုပ်စောတာမလာသော ကပြောသည်။

KNUနယ်မြေထဲရှိ ပြည်သူလူထုကို ကာကွယ်နိုင်ရန်အတွက် စီမံချက်ရေးဆွဲထားကြောင်း၊ လက်နက်မပါသည့် လုံခြုံရေးဖြစ်၍ နိုင်ငံတကာ အခန်းကဏ္ဍလည်း လိုအပ်ကြောင်း ၎င်းကိုသည်။

“စစ်ကောင်စီတပ်မှာ အမှုထမ်းနေတဲ့ တပ်မတော်သားတွေကိုလည်းပဲ တိုင်းရင်းသား ပြည်သူလူထုနဲ့ ပြန်လည်ရပ်တည်ပါလို့ တိုက်တွန်းလိုပါတယ်။”ဟုလည်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။

လူထုက ပါဝင်ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ် ကြောင်း ၎င်းက အသိပေးသည်။

ပွဲသိမ်းတိုက်ပွဲလုပ်မည်ဆိုပါကလည်း လက်ရှိ အဆင့်များကို ကျော်လွှားရမည်ဖြစ်ကြောင်း၊ စစ်တိုက်ရင်ပြီးရောဆိုပါက ရေရှည်စစ်ရေးကို ဦးတည်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။

တော်လှန်ရေးအဆုံးသတ်ကောင်းစေရန်၊ တော်လှန်ရေးအလွန်ကာလ၌ ပြန့်ကျဲနေသည့် လက်နက်များ ထိန်းချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့များ မှိုလိုမပေါက်စေရေးနှင့် အကြမ်းဖက်မှု နောက်ထပ်တစ်ကြိမ် မဖြစ်စေဘဲ တည်ငြိမ်သည့် နိုင်ငံ တည်ဆောက်ရမည်ဟု KNU တပ်မှူးက ပြောသည်။