Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြည်ပမှာ ၂၃ နှစ်ကြာ ရောက်ရှိနေရာကနေ ထိုင်းဘုရင်ရဲ့ ဒုတိယ အကြီးဆုံးသား ဇာတိနိုင်ငံကို ရုတ်တရက် ပြန်ရောက်လာ

ဗာချာရေဆွန်မှာ တော်ဝင်မိသားစုက ပေးအပ်ထားတဲ့ တရားဝင် ဘွဲ့နာမည်မျိုး မရှိသေးပေမယ့် ဘုရင့်မြေးတော်၊ ဘုရင့်သားတော် ဖြစ်နေတဲ့အတွက် အချိန်မရွေး မင်းသားဘွဲ့ အပ်နှင်းလို့ ရပါတယ်။

(ဓာတ်ပုံ - Reuters)
(ဓာတ်ပုံ - Reuters)

ထိုင်းဘုရင်ရဲ့ ဒုတိယ အကြီးဆုံးသား ဖြစ်သူဟာ ၂၇ နှစ် ကြာမြင့်ပြီးတဲ့နောက် ဇာတိနိုင်ငံဆီ ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိလာကြောင်း သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် ဗာချာရေဆွန် ဗီဗာချာရာဝေါင်ဆေဟာ တော်ဝင်မိသားစုထဲမှာ ဝရုန်းသုန်းကား အခြေအနေတချို့ ဖြစ်ပေါ်နေချိန်မှာ ထိုင်းကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းရဲ့ အကြီးဆုံးသမီးဟာ ဒီဇင်ဘာလ ကတည်းက မတော်တဆမှု တစ်ခုကြောင့် ကိုမာဝင်ပြီး သတိလစ် မေ့မျောနေပါတယ်။

ဗာချာရေဆွန်ဟာ ဩဂုတ် ၈ ရက်တုန်းက ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ နေ့ကလေးထိန်း ကျောင်းတစ်ကျောင်းဆီ ရုတ်တရက် ရောက်ရှိလာတာကြောင့် အားလုံး တအံ့တဩ ဖြစ်ခဲ့ကြရပါတယ်။

သူဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ဥပဒေရေးရာ ဌာနတစ်ခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အဝေးမှာပဲ နေထိုင်ခဲ့ပါတယ်။ အခုတော့ ထိုင်းတော်ဝင် မိသားစုက ရန်ပုံငွေ ထောက်ပံ့ပေးထားတဲ့ ပျံကျကလေးငယ်များ စောင့်ရှောက်ရေး ဖောင်ဒေးရှင်းရဲ့ ကျောင်းတစ်ကျောင်းကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဗာချာရေဆွန်ဟာ သူ့ကို ဝမ်းပန်းတသာ အော်ဟစ်နှုတ်ဆက်တဲ့ ပြည်သူတွေကိုလည်း တုံ့ပြန် နှုတ်ဆက်ခဲ့ပါတယ်။

ဘန်ကောက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ဗာချာရေဆွန်က ထိုင်းကို ပြန်လာနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း၊ သူဟာ ထိုင်းနိုင်ငံနဲ့ ဝေးနေခဲ့တာ ၂၇ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဇာတိနိုင်ငံကို ပြန်လာရတာဟာ အိပ်မက်တွေ တကယ်ဖြစ်လာသလို ခံစားရတယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းတော်ဝင်မိသားစုဟာ ဗာချာရေဆွန် ပြန်ရောက်နေတဲ့ ကိစ္စရော၊ နေ့ကလေးထိန်းကျောင်းဆီ သွားရောက်ခဲ့တဲ့ ကိစ္စကိုပါ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ဗာချာရေဆွန် ပြန်လာတာကို ထိုင်းပြည်သူ အများအပြားက အံ့ဩခဲ့ကြသလို တော်ဝင်မိသားစုမှာ ဘယ်လို အစီအမံတွေ ရှိနေသလဲ ဆိုတာကိုလည်း အတွေးတွေ ပွားနေကြပါတယ်။ Twitterကို နာမည်ပြောင်းလိုက်တဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း Xမှာဆိုရင် ထိုင်းနိုင်ငံသားတွေက ဘုရင့်သားတော် ပြန်လာတဲ့အကြောင်း အကျေအလည် ဆွေးနွေးမှုတွေက Trendတစ်ခုပါ ဖြစ်လာပါတယ်။

ဘုရင် ဗဂျီရာလောင်ကွန်းမှာ သား ၄ ဦးရှိပြီး ဗာချာရေဆွန်က ဒုတိယ အကြီးဆုံး ဖြစ်ပါတယ်။ သူဟာ ဗဂျီရာလောင်ကွန်း အိမ်ရှေ့မင်းသား ဘဝတုန်းက ဒုတိယ ဇနီးဖြစ်သူ ဆူဂျာရီနီး ဗီဗာချာရာဝေါင်ဆေရဲ့ သားဖြစ်ပါတယ်။ ဆူဂျာရီနီးက ရုပ်ရှင် မင်းသမီးဟောင်း တစ်ဦးလည်းဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ ဗဂျီရာလောင်ကွန်းရဲ့ ကွာရှင်းခြင်းကို ခံခဲ့ရပါတယ်။

ဗာချာရေဆွန်မှာ တော်ဝင်မိသားစုက ပေးအပ်ထားတဲ့ တရားဝင် ဘွဲ့နာမည်မျိုး မရှိသေးပေမယ့် ဘုရင့်မြေးတော်၊ ဘုရင့်သားတော် ဖြစ်နေတဲ့အတွက် အချိန်မရွေး မင်းသားဘွဲ့ အပ်နှင်းလို့ ရပါတယ်။

ဗာချာရေဆွန်၊ သူ့မိခင်၊ ညီအစ်ကို ၃ ယောက်နဲ့ ညီမ ၁ ဦးတို့ဟာ ၁၉၉၆ ခုနှစ်က ကွာရှင်းမှု အပြီးကတည်းက တော်ဝင်မိသားစုနဲ့ ခပ်ကင်းကင်း နေခဲ့ကြပါတယ်။ အဲဒီတုန်းက ဗာချာရေဆွန်ရဲ့ မိခင်ဟာ လူမှုရေး ဖောက်ပြန်တယ်လို့ လူသိရှင်ကြား စွပ်စွဲ အရှက်ခွဲ ခံခဲ့ရပြီး သားသမီးတွေနဲ့အတူ ပြည်ပကို ပြောင်းရွှေ့ အခြေချနေခဲ့ပါတယ်။

ဗာချာရေဆွန်ရဲ့ ညီမငယ်ဟာ နောက်ပိုင်းမှာ တော်ဝင်မိသားစုရဲ့ ပြန်လည် အသိအမှတ် ပြုမှုကို ခံခဲ့ရပြီး မင်းသမီး ဆီရိဗန်နာဗာရီ နာရီရက်တာနာဆိုတဲ့ တော်ဝင် ဘွဲ့ထူးကို ရရှိခဲ့ပါတယ်။ သူဟာ လူသိများတဲ့ ဖက်ရှင် ဒီဇိုင်နာ တစ်ဦးလည်း ဖြစ်ပါတယ်။

ထိုင်းဘုရင် ဗဂျီရာလောင်ကွန်းဟာ ၃ ကြိမ် ကွာရှင်းဖူးပြီး သားသမီး ၇ ဦး ရှိပါတယ်။ ၂၀၁၉ ခုနှစ်၊ နန်းတက်ချိန်မှာတော့ သူဟာ အိမ်ရှေ့မင်းသား ကိုယ်ရံတော် တပ်ဖွဲ့ရဲ့ အကြီးအကဲဟောင်း ဖြစ်သူ ဆုသီဒါကို မိဖုရားမြှောက်ခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် ဗဂျီရာလောင်ကွန်းဟာ အရိုက်အရာ ဆက်ခံမယ့် အိမ်ရှေ့မင်းသား၊ ဒါမှမဟုတ် မင်းသမီး တစ်ဦးကို တရားဝင် မရွေးချယ်သေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဘုရင်ရဲ့ အကြီးဆုံး သမီးတော်ဖြစ်သူ အသက် ၄၄ နှစ်အရွယ် မင်းသမီး နာရန်ဒီယာ ဒီဗျာဗာတီဟာ အပြင်းအထန် နှလုံးဖောက်ပြန်မှု တစ်ခုကို ကြုံတွေ့ခဲ့ရပြီး လက်ရှိ အချိန်ထိ ကိုမာဝင် မေ့မျောနေပါတယ်။ သူဟာ ထိုင်းဘုရင်ရဲ့ အရိုက်အရာ ဆက်ခံဖို့ ဦးစားပေး စဉ်းစားခြင်း ခံရသူအဖြစ် အတော်လေး ရေပန်းစား ထင်ကြေးပေး ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။