Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုတိုက်ခိုက်ခံရ

ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကြောင်း ၅ကြောင်းခွဲဝင်ပြီး နာရီဝက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

(မိုးကုတ်မြို့အဝင်တစ်နေရာတွင် Red Wolves Of Mogok အဖွဲ့ဝင်ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-Red Wolves Of Mogok)
(မိုးကုတ်မြို့အဝင်တစ်နေရာတွင် Red Wolves Of Mogok အဖွဲ့ဝင်ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-Red Wolves Of Mogok)

▪️စစ်တပ်က PDFဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင် လှုပ်ရှားနေဟုဆို

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က PDF ဝတ်စုံများဝတ်ဆင်ပြီးအယောင်ဆောင်ကာ လှုပ်ရှားနေကြောင်း Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၁၅ ရက် နံနက် ၁၀နာရီခန့်က မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များ အထိုင်ချနေသည့် ကျပ်ပြင်ရဲစခန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနောက်ဘက်ရှိ တောအုပ်၊ ရွှေမြင်းဝင်းကျောင်းရှိဘန်ကာ စသည့်နေရာ သုံးခုအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကြောင်း ၅ကြောင်းခွဲဝင်ပြီး နာရီဝက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“သုံးနေရာတပြိုင်တည်းတိုက်တာပါ။သုံးနေရာလုံး သိပ်မဝေးပါဘူး။”ဟု Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဖြစ်တာက မိုးကုတ်မြို့နယ်အနောက်ခြမ်းမှာ ဆော်တာ”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၂၂၁)၊ Red Wolves Of Mogok နှင့် တပ်ရင်း (၁၂၂၃) ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မိုးကုတ်မြို့ ရဲစခန်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများသည် PDF ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ မိုးကုတ်မြို့တွင် လှုပ်ရှားနေကြောင်း Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အထူးသတိထားစေလိုပြီး ယူနီဖောင်းဝတ် မည်သည့်စစ်သားမဆို သေချာလေ့လာဆန်းစစ်‌၍ ဆက်ဆံကြပါရန် Red Wolves Of Mogok အဖွဲ့က အထူးသတိပေးထားသည်။

ထို့အပြင် ပြည်သူများအား ထိခိုက်နစ်နာစေမည့် အလုပ်မျိုးကို PDFအဖွဲ့များက လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ရှိပါက (Red Wolves Of Mogok) pageသို့ သတင်းပေးရန် မေတ္တာရပ်ခံထားသည်။