Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် ၇၀ ကျော်သေဟုဆို

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် ၇၀ ကျော်သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြားရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီးမော့ဆိုမြို့မှ ဖရူဆိုမြို့ဖက်သို့ ဦးတည်ကာ ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၅၅) လက်အောက်ခံတပ်များနဲ့ ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်များအကြား သြဂုတ် ၂ ရက်မှ သြဂုတ် ၁၄ ရက်အထိ နှစ်ပတ်တာ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်တဲ့ ခမရ(၁၁၂) မှ ၄၅ ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူးနဲ့ ဒုရင်းမှူး အပါအဝင် ၂၆ ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီးတစ်လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆန်များနဲ့ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

(ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးတိုက်ပွဲအတွင်းသိမ်းဆည်းရရှိသော လက်နဥ်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတိုက်ပွဲအတွင်းသိမ်းဆည်းရရှိသော လက်နဥ်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️KNLA ပူးပေါင်းတပ် သိမ်ဇရပ်မြို့နယ်အတွင်း စစ်ဆေးရေးပြုလုပ်

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။ မနေ့ မနက်ပိုင်းက သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီ တိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့မှာ စစ်ဆေးရေးဆောင်ရွက်ခဲ့တာလို့ အသိပေးပါတယ်။ စစ်ဆေးမှုများအတွင်း ပြည်သူများရဲ့ ဝမ်းပန်းတသာ နွေးထွေးစွာဖြင့် ကြိုဆိုသောအပြုံးများကို မြင်တွေ့ရတာကြောင့် အလွန်ပင်ကျေနပ်ပျော်ရွှင်ရတယ်လို့ ဖော်ပြပါတယ်။

(KNLA ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆေးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - KRF)
(KNLA ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆေးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ – KRF)

▪️မိုးကုတ် စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က PDF ဝတ်စုံများဝတ်ဆင်ပြီးအယောင်ဆောင်ကာ လှုပ်ရှားနေတယ်လို့ Red Wolves Of Mogok အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ သြဂုတ် ၁၅ ရက် မနက်ပိုင်းက မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များ အထိုင်ချနေတဲ့ ကျပ်ပြင်ရဲစခန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနောက်ဘက်ရှိ တောအုပ်၊ ရွှေမြင်းဝင်းကျောင်းရှိဘန်ကာ စတဲ့နေရာ သုံးခုကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။ မိုးကုတ်မြို့ ရဲစခန်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားများဟာ PDF ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ မိုးကုတ်မြို့မှာ လှုပ်ရှားနေတယ်လို့ အသိပေးပါတယ်။

(မိုးကုတ်မြို့အဝင်တစ်နေရာတွင် Red Wolves Of Mogok အဖွဲ့ဝင်ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-Red Wolves Of Mogok)
(မိုးကုတ်မြို့အဝင်တစ်နေရာတွင် Red Wolves Of Mogok အဖွဲ့ဝင်ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-Red Wolves Of Mogok)

▪️ပခုက္ကူစက်မှုဇုန်ဂိတ်ရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့စက်မှုဇုန် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။ မနေ့ နေ့ခင်းက ပခုက္ကူစက်မှုဇုန် (၆)လမ်းထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF လေးဖွဲ့ပူးပေါင်းကာ ပြောက်ကျားနည်းဖြင့် အလစ်ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဂိတ်အနီးစောင့်နေတဲ့ စစ်သား နှစ်ဦးအား ပစ်ခတ်နိုင်ခဲ့ပြီး ဘန်ကာအနီးထိုင်နေတဲ့ ဗိုလ်တစ်ဦးလည်း ကျည်ထိမှန်ကာ ပခုက္ကူမြို့သပြေညိုဆေးရုံသို့ တက်ရောက်ကုသပြီးနောက် ညပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

(Southern YSO PDF၏ အဖွဲ့ဝင်ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF)
(Southern YSO PDF၏ အဖွဲ့ဝင်ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF)

▪️နေပြည်တော် အမှတ်(၁၇)ရဲတပ်ရင်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ

နေပြည်တော် အမှတ်(၁၇)ရဲတပ်ရင်းမှ ရဲတပ်သားတစ်ဦး မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာလို့ ဂုဏ်ပြုငွေပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ထုတ်ပြန်ပါတယ်။ အခုလို ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်း လာမှုများကို လက်ကမ်းကြိုဆိုနေမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ အမှတ်(၁၇) ရဲတပ်ရင်းမှ ရဲတပ်သားတစ်ဦးဟာ MA-16 A1 တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ 5.56 ကျည် (၃၀)တောင့်နှင့်အတူ ပြည်သူ့ဘက်သို့ ပူးပေါင်းလာခဲ့တာကြောင့် အဲဒီ ရဲတပ်သားကို ဂုဏ်ပြုငွေ ၃၃ သိန်းကျပ်ပေးအပ်ခဲ့ကာ ဘေးကင်းလုံခြုံအောင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ‌စီမံပေးထားတယ်လို့ ဆိုပါတယ်။

▪️မနှစ်က မြန်မာနိုင်ငံမှာ အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀တိုက်ခိုက်ခံခဲ့ရ

၂၀၂၂ က မြန်မာနိုင်ငံမှာ အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်မှုများကို လက်ခံနိုင်စရာ အကြောင်းမရှိဟု အမေရိကန်သံရုံးက ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၂ အတွင်း မြန်မာနိုင်ငံအတွင်းမှ အကူအညီပေးရေးဝန်ထမ်းများဟာ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရခြင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရခြင်းမှစလို့ ပြန်ပေးဆွဲခံရခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းနဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရခြင်းအထိ တိုက်ခိုက်မှုပေါင်း အကြိမ် ၂၀ ကို ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အကူအညီအလိုအပ်ဆုံးဖြစ်တဲ့ ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ဖို့လိုအပ်တာကြောင့် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမှာဖြစ်ပြီး အတားအဆီးမရှိရဘူးလို့ သံရုံးက ထုတ်ပြန်ပါတယ်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ
ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ