Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ထီးချိုင့်မြို့နယ် ဒီနေ့တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပိတ်မိပြီး အထိနာ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဒီနေ့ မနက်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ပိတ်မိခဲ့ပြီး အထိနာကာ တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ကူသုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတောင်ရိုးမှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ – People’s Spring)

▪️ချင်းပြည်နယ်ရဲတပ်ဖွဲ့အတွက် ရဲတပ်ဖွဲ့ဥပဒေနဲ့ ဖွဲ့စည်းပုံထုတ်ပြန်

ချင်းပြည်နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ချင်းပြည်နယ်ရဲတပ်ဖွဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံကို ချင်းပြည်နယ်ရဲတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအောင်မြင်တဲ့ နောက်ပိုင်းကာလတွေမှာ ပြည်သူလူထုကို တရားဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်မယ့် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းဖို့အတွက် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ချင်းပြည်နယ်ရဲတပ်ဖွဲ့ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ၂၀၂၂ နှစ်ကုန်ပိုင်းက အသိအမှတ်ပြုခဲ့ပြီး ၂၀၂၃ မတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။

(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)
(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)

▪️မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်းမှာ PDFများ လုံခြုံရေးနဲ့ ယာဉ်စစ်ဆေးမှု ဆက်လက်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တောင်ညိုစစ်ကြောင်းဟာ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လုံခြုံရေးနဲ့ ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ဆေးမှု ပြုလုပ်တဲ့ နေရာဒေသနဲ့ အချိန်ကို ဖော်ပြမထားပေမယ့် PDF ရဲဘော်များက ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်များ အပါအဝင် လမ်းအသုံးပြုနေတဲ့ ယာဉ်များကို စစ်ဆေးနေတဲ့ ဓာတ်ပုံများကို ဖော်ပြပါတယ်။ အဲဒီလမ်းပိုင်းမှာ PDFနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်များ ပူးပေါင်းပြီး လုံခြုံရေးစစ်ဆေးမှုများကို ပြီးခဲ့တဲ့ ဇွန်လလယ်ကစလို့ ခပ်စိပ်စိပ်ပြုလုပ်လာခဲ့တာပါ။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှု မှတ်တမ်းပုံရိပ်များ။ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ညိုစစ်ကြောင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် ယာဥ်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှု မှတ်တမ်းပုံရိပ်များ။ ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ)

▪️ရွှေဘိုနယ်မှာ စစ်ကောင်စီတပ် PDFယူနီဖောင်းဝတ်ပြီး ကျေးရွာစာသင်ကျောင်းကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ PDF ယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားများက ချီပါကျေးရွာရှိ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးပြီး ၎င်းတို့ပစ်ခတ်လို့ ပြည်သူတစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့နယ်ရှိ ချီပါတောင်ရွာနဲ့ မြောက်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် ချီ‌ပါမြောက်ရွာရှိ ပြည်သူတစ်ဦး ကျည်ထိမှန်ကာ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ချီပါတောင်၊ မြောက်ကျေးရွာ၊ မဲတောကျေးရွာနဲ့ ကျည်ပွေ့ကုန်းကျေးရွာတို့မှ ဒေသခံပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

(ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ)
(ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ)

▪️နယူးယောက်မှာ ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပ

မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်နေတဲ့နေရာများကို လှူဒါန်းဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Queens Theater မှာ Summer Musical Night-NYC ရန်ပုံငွေဂီတဖျော်ဖြေပွဲ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာ Acid အဖွဲ့မှ ရန်ရန်ချန်း၊ DJ Wine၊ ကျော်သီဟ ၊ နင်ဇီမေ၊ မော်ဒယ် မြတ်နိုးအေး၊ သရုပ်ဆောင် သီဟ၊ အထူးဧည့်သည် မီမီဝင်းဖေတို့က နယူးယောက်ဒေသခံ Spring Revo Music Band နှင့် အတူဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ရံပုံငွေဖျော်ဖြေပွဲသို့ အဝေးရောက်မြန်မာ ၄၀၀ ခန့် ကြိုတင်လက်မှတ်များဝယ်ယူကာ လာရောက်အားပေးခဲ့ကြတယ်လို့ NYCBC က ဖော်ပြပါတယ်။