Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်နှင့် ကွတ်ခိုင်တွင် TNLAနှင့် စစ်ကောင်စီ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

မူဆယ်နှင့် ကွတ်ခိုင်တွင် TNLAနှင့် စစ်ကောင်စီ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
တိုက်ပွဲတစ်ခုအတွင်းတွေ့ရသော တအာင်းတပ်မတော် (TNLA)မှ ရဲဘော်များ။ ဓာတ်ပုံ - GETTY IMAGES

တစ်လခွဲနီးပါးအတွင်း တိုက်ပွဲ ၃၁ကြိမ်ဖြစ်ခဲ့ဟု အသိပေး

ဝင်းမောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLAက ယမန်နေ့ ညက သတင်းထုတ်ပြန်သည်။

TNLA တပ်မဟာ(၁)နှင့် တပ်မဟာ(၅) စစ်ဒေသ မူဆယ်နှင့် ကွတ်ခိုင်တွင် စက်တင်ဘာ ၂ရက်အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ ဇူလိုင် ၂၃ရက်မှ ယမန်နေ့ အထိ တစ်လခွဲနီးပါးအတွင်း TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စုစုပေါင်း ၃၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း အသိပေးဖော်ပြသည်။

ယမန်နေ့တိုက်ပွဲမှာ TNLA ရှိရာ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးသို့ စစ်ကောင်စီတပ်လက်အောက်ခံ စကခ (၁၇)၊ ခမရ (၅၇၇)၊ ရမခ/ ခလရ (၄၅)တို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ ညနေ ၄နာရီ ခန့်မှစ၍ ၁နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ညနေ ၆နာရီတွင် တပ်မ(၉၉)၊ ခမရ (၄၂၀)တို့မှ TNLA တပ်စခန်းသို့ ထိုးစစ်ဆင်လာ၍ လွယ်ကျလော့အနီးတွင် နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ နမ့်ဖက်ကာ(၁၂၃)တပ်နှင့် လွယ်ကျလော့တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး အသေးစိတ်မသိရှိရသေးကြောင်း TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လကုန်ပိုင်းမှစ၍ TNLA တပ်ရှိရာသို့ ထိုးစစ်ဆင်မှုများ နေ့ရောညပါ လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁ရက်တွင် TNLAဘက်ကလည်း မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်စခန်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှု ပိုလုပ်လေလေ တိုက်ပွဲပိုမိုဖြစ်ပွားလာလေလေဖြစ်မည်ဟုလည်း ၎င်းက ဆိုသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်နောက်ဆုံးပတ်မှစ၍ မူဆယ်၊ ကွတ်ခိုင်နှင့် လားရှိုးမြို့နယ်များအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူ ၊ လက်နက်ကြီး ပစ်ကူများ အသုံးပြုတိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း အရပ်သားပြည်သူ သေဆုံးထိခိုက်မှု ဖြစ်ပေါ်ခဲ့သည်။

(တိုက်ပွဲတစ်ခုအတွင်းတွေ့ရသော တအာင်းတပ်မတော် (TNLA)မှ ရဲဘော်များ။ ဓာတ်ပုံ – GETTY IMAGES)