Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ လက်နက်အချို့ရဟု PDF အသိပေး

စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးကိုဖမ်းဆီးပြီး နှစ်ဦးကို သတ်ဖြတ် သွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက သတင်းထုတ်ပြန်ထားသည်။

(တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ပိုင် ဘက်ဖိုးတစ်စီးအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Spring Warriors Column)
(တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ပိုင် ဘက်ဖိုးတစ်စီးအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Spring Warriors Column)

▪️စစ်ကောင်စီတပ်က ပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်ဟု KNU ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိကြောင်း PDF တောင်ပိုင်းစစ်ဒေသ နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column) က ယနေ့ သတင်းထုတ်ပြန်သည်။

နွေဦးစစ်သည်တော်များစစ်ကြောင်း ၊ PDF တပ်ရင်း(၃၇၀၂)ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ (အောက်တိုဘာ ၁ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦး၏ အလောင်းနှင့် လက်နက် တစ်လက်ရရှိခဲ့ကြောင်း၊ ရန်သူ ၁၀ဦးခန့် ဒဏ်ရာရရှိပြီး ၁၅ဦး သေဆုံးနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲသည် ညနေပိုင်းအထိ ပြင်းထန်ခဲ့ပြီး PDF ပူးပေါင်းတပ်မှ လေးဦးဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပိုင် ဘက်ဖိုးတစ်စီးအား မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါ ပုဇွန်မြောင်းရွာတွင် စက်တင်ဘာလကုန်ပိုင်းကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် စက်တင်ဘာ ၂၇ရက် မှ ၂၉ရက်များအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီဟာ ပျူ၊ ရဲ နဲ့ မီးသတ်တပ်ဖွဲ့တွေကို လူသားဒိုင်းသဖွယ် အသုံးပြုတယ်။ အသိတရားမရှိ၊ အမှန်တရားမသိတဲ့ကောင်တွေကတော့ ကျားထိုးပြီတောင်တတ်လာသေးသဗျာ။ ကျွန်တော်တို့ရဲဘော်တွေကလည်း ပစ်ချက်ပစ်အားဘယ်လောက်ကောင်းသလဲဆို “အလောင်းတောင်လိုပုံ” လို့တောင်ပြောရမယ်။ ပုစွန်မြောင်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ခွေးတွေဟာ စစ်ကူအများအပြားပို့ပြီး အင်အားထပ်ဖြည့်တယ်”ဟု နွေဦးစစ်သည်တော်များစစ်ကြောင်း က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးများပြားခဲ့ကြောင်း၊ PDF ပူးပေါင်းတပ်မှ ထိခိုက်သူအချို့ရှိခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါဒေသ၌ စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးကိုဖမ်းဆီးပြီး နှစ်ဦးကို သတ်ဖြတ် သွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို KNU၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားသော်လည်း စက်တင်ဘာ ၂၉ရက်က စစ်ကောင်စီတပ် ခမရ(၂၀) တပ်ရင်းသည် ပုဇွန်မြောင်းရွာမှရွာသား သုံးဦးကို ဖမ်းဆီးကာ နှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း ထုတ်ပြန်ထားသည်။