Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းမှုကြောင့် ဘိန်းထုတ်လုပ်မှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ ဆိုက်ဘာလိမ်လည်မှုများ ပိုမိုမြင့်တက်လာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြုပြောကြားခဲ့သည့် သံအမတ်ကြီးဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် မြန်မာပြည်သူများသည် ၎င်းတို့ ကြုံတွေ့ခံစားနေရသည့် ဒုက္ခအကျပ်အတည်းများကို ချက်ချင်းပင် အပြီးတိုင် ရပ်တန့်စေလိုပြီး အဆိုပါအခြေအနေသို့ ရောက်ရှိနိုင်ရန် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးက အဓိကသော့ချက်ပင်ဖြစ်ကြောင်း ပြောသည်။

(ဦး​ကျော်မိုးထွန်း ကုလသမဂ္ဂ တတိယ​ကော်မတီ အစည်းအ​ဝေးတွင်ရှင်းလင်း​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)
(ဦး​ကျော်မိုးထွန်း ကုလသမဂ္ဂ တတိယ​ကော်မတီ အစည်းအ​ဝေးတွင်ရှင်းလင်း​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)

▪︎အဆိုပါအန္တရာယ်ကပ်ဆိုးအား ရပ်တန့်စေရန် စစ်တပ်အား အပြီးတိုင်ချုပ်ငြိမ်းစေခြင်းက တစ်ခုတည်းသောနည်းလမ်းဖြစ်ဟု မြန်မာသံအမတ်ကြီး ကုလ၌ ပြောကြား

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဘိန်းထုတ်လုပ်မှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ ဆိုက်ဘာလိမ်လည်မှုများ ပိုမိုမြင့်တက်လာကာ စစ်အာဏာရှင်ကြောင့် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် ကမ္ဘာ့ပေါ်၌ ပြစ်မှုနှင့် မတည်ငြိမ်မှု အဓိကဖော်ဆောင်သည့် နိုင်ငံဖြစ်စေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်မှစ၍ ကောင်းမွန်နေသော တိုးတက်မှုများအားလုံး ပြောင်းပြန်အခြေအနေသို့ ရောက်ရှိခဲ့ပြီး UNODC ၏ အစီရင်ခံစာများအရ တရားမဝင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ဘိန်းထုတ်လုပ်မှုသည်လည်း ယမန်နှစ်အတွင်း၌ နှစ်ဆခန့် မြင့်တက်လာခဲ့ကြောင်း၊ ထို့အတူ နယ်စပ်ဒေသများတွင် မီသာဖီတမင်း ထုတ်လုပ်မှုနှင့် တရားမဝင် ကုန်ကူးမှုများလည်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ယမန်နေ့က တတိယကော်မတီ အစည်းအဝေး၌ မိန့်ခွန်းပြောကြားသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ယခင်က တွေ့မြင်ကြုံတွေ့ ခဲ့ရခြင်းမရှိသည့် စစ်တပ်အား ခုခံတော်လှန်မှုများ နိုင်ငံအဝှမ်း ဖြစ်ပေါ်လာခဲ့ရုံသာမက ကမ္ဘာ့လုံခြုံရေးကိုလည်း စိန်ခေါ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည့်အပြင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ အားလုံးနီးပါးအပေါ် အကျိုးသက်ရောက်မှုရှိသော ဆိုက်ဘာလိမ်လည်မှုများလည်း ပိုမိုတိုးပွားလာစေခဲ့ကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

(ဦး​ကျော်မိုးထွန်း ကုလသမဂ္ဂ တတိယ​ကော်မတီ အစည်းအ​ဝေးတွင်ရှင်းလင်း​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)
(ဦး​ကျော်မိုးထွန်း ကုလသမဂ္ဂ တတိယ​ကော်မတီ အစည်းအ​ဝေးတွင်ရှင်းလင်း​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများအတွက် ဦးတည်ရာ လမ်းဆုံး တစ်ခုဖြစ်လာမှုသည် ထိတ်လန့်ဖွယ်ကောင်းပြီး ဘိန်းနှင့် မီသာဖီတမင်းမှောင်ခိုကူးမှု တဟုန်ထိုး မြင့်တက်လာခြင်းမှ အစပြု၍ ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကျော်မှ လူထောင်သောင်းချီအား မြန်မာနိုင်ငံသို့ မတရားလူကုန်ကူးခြင်း၊ ရှုပ်ထွေးလှသည့် ဆိုက်ဘာလိမ်လည်မှုများအား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်စေသည်အထိ အနယ်နယ်အရပ်ရပ်မှ လူအများအား သားကောင်များ ဖြစ်လာစေသည်အထိ စစ်အာဏာရှင်သည် မြန်မာနိုင်ငံအား ဒေသတွင်း နှင့် ကမ္ဘာပေါ်၌ ပြစ်မှုနှင့် မတည်ငြိမ်မှု အဓိကဖော်ဆောင်သည့်နိုင်ငံ ဖြစ်စေခဲ့ကြောင်း ဆက်ပြောသည်။

ထိုသို့ဆိုးရွားသော အန္တရာယ်ကပ်ဆိုးအား ရပ်တန့်စေရန် အကြမ်းဖက်၍ ဥပဒေမဲ့နေသည့် စစ်တပ်အား အပြီးတိုင်ချုပ်ငြိမ်းစေပြီး တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လိုလားသော အရပ်သားဖက်ဒရယ်ဒီမိုကရေစီအစိုးရ တည်ဆောက်ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြုပြောကြားခဲ့သည့် သံအမတ်ကြီးဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် မြန်မာပြည်သူများသည် ၎င်းတို့ ကြုံတွေ့ခံစားနေရသည့် ဒုက္ခအကျပ်အတည်းများကို ချက်ချင်းပင် အပြီးတိုင် ရပ်တန့်စေလိုပြီး အဆိုပါအခြေအနေသို့ ရောက်ရှိနိုင်ရန် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးက အဓိကသော့ချက်ပင်ဖြစ်ကြောင်း ပြောသည်။

စစ်အာဏာရှင် စနစ်ကြောင့် ဖြစ်ပေါ်လာရသည့် နောက်ဆက်တွဲဆိုးကျိုးများအား အပြီးတိုင် ချုပ်ငြိမ်းနိုင်ခြင်းမရှိဘဲ စစ်အာဏာသိမ်းမှုကို အဓွန့်ရှည်စေပါက မြန်မာနိုင်ငံအတွင်းသာမက မြန်မာ နိုင်ငံကို ကျော်လွန်၍ အခြားနေရာဒေသများကိုလည်း မှုခင်းဇုန်များအဖြစ် ထပ်မံဖန်တီး လာနိုင်မည်ဖြစ်သလို စစ်အာဏာရှင်စနစ်ဆိုးအောက်တွင် တရားဥပဒေစိုးမိုး မှုရှိသည့် လူ့အသိုက်အဝန်းတစ်ခုအား တည်ဆောက်ရန် မည်သို့မျှ မျှော်မှန်းတောင့်တ၍ မရနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများနှင့် မှုခင်းများ ပပျောက်ရေးအတွက်သာမက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရန် ထိရောက်ခိုင်မာသည့် ထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ်ကြရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်စုများ၏ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှုပြုသဖြင့် မူးယစ်ဆေးဝါး အလွဲသုံးစားပြုခြင်းအား ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးတို့သည် တော်လှန်ရေးအတွက် အဓိကကျသည့် တာဝန်တစ်ရပ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက မှတ်ယူကြောင်းနှင့် အဆိုပါ တာဝန်ဝတ္တရားအား အပြည့်အဝ ကတိကဝတ်ပြုသည့်အလျောက် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့” အား မကြာမီက NUG က ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

အလားတူ တိုင်းရင်းသား တော်လှန်းရေး အဖွဲ့အစည်းများနှင့် အခြားမိတ်ဖက်အဖွဲ့ အစည်းများနှင့် အတူတကွလက်တွဲဆောင်ရွက်ရေးအပြင် ကုလသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ဆက်ပြောသည်။