Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်​ကောင်စီအတွက် လက်နက်ဝယ်​ပေး​နေ​တဲ့ ပွဲစားဥာဏ်လွင်အောင်ကို မြို့ပြ​​ပြောက်ကျားအဖွဲ့ ပစ်ခတ်ရှင်းလင်း

အာဏာသိမ်းစစ်ကောင်စီကို လက်နက်အရောင်းအဝယ်ပြုလုပ်ပေးနေတဲ့ ခရိုနီဥာဏ်လွင်အောင်ကို မြို့ပြပြောက်ကျား Urban Owls တပ်ဖွဲ့က မနေ့ညပိုင်းက ရန်ကုန်မြို့မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ ဉာဏ်လွင်အောင်ကို အနီးကပ်ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်ပြီး အဖွဲ့သားအားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီနေပြီလို့ Urban Owls တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဉာဏ်လွင်အောင်ဟာ စစ်ကောင်စီအတွက် လက်နက်များဝယ်ယူပေးနေသလို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ Facial Recognition CCTV များကိုလည်း တင်သွင်းတပ်ဆင်ပေးနေသူဖြစ်တယ်လို့ Urban Owls တပ်ဖွဲ့က ဆိုပါတယ်။ လျှပ်စစ်ကားအပါအဝင် စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးနေတဲ့ လူငယ်လုပ်ငန်းရှင်စာရင်းကို စုဆောင်းထားပြီး တော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်း အရေးယူဆောင်ရွက်မှု လုပ်ဆောင်မယ်လို့ Urban Owls အဖွဲ့က ပြောပါတယ်။

▪️တော်လှန်​ရေးအင်အားစုများနှင့်အတူ မားမားမတ်မတ်တိုက်ပွဲဝင်မယ်လို့ KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံမှုဟာ KNU နှင့် လုံး၀ သက်ဆိုင်မှု မရှိဘဲ KNUဟာ နိုင်ငံ​ရေးရည်မှန်းချက်များ ​အောင်မြင်​ရေးအတွက် ဘဝတူ​တော်လှန်​ရေးအင်အားစုများနှင့် မားမားမတ်မတ်ရပ်တည်ကာ တိုက်ပွဲဝင်သွားမယ်လို့ KNU က မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။ စစ်​ကောင်စီက အခု​တွေ့ဆုံမှုဖြင့် KNU အတွင်းရှုပ်​ထွေးမှုဖြစ်​အောင်လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်သလို အာဏာရှင်စနစ်ချုပ်ငြိမ်း​ရေးနဲ့ ဖက်ဒရယ်ဒီမိုက​ရေစီ ပြည်​ထောင်စုတည်​ထောင်​ရေးအတွက် တိုက်ပွဲဝင်​နေကြ​တဲ့ မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲ​အောင်လုပ်​​တဲ့ စစ်တပ်ရဲ့ အစီအစဥ်သာဖြစ်တယ်လို့ ​ဖော်ပြပါတယ်။

▪️ဖားကန့် ဆိုင်းတောင်ရွာမှာ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ဒီနေ့ နေ့ခင်းက တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံများက အပြင်မထွက်ရဲကြဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဟာ ဆိုင်းတောင်ကျေးရွာအတွင်း အရပ်ဝတ်ဖြင့် ရောက်ရှိနေလို့ ဂရုစိုက်ကြဖို့လည်း ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိထားပြီး အသေးစိတ်သတင်းတင်ပြလာခြင်းမရှိသေးဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊PDFပူးပေါင်းတပ် တိုက်ခိုက်
ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊PDFပူးပေါင်းတပ် တိုက်ခိုက်

▪️CDF မင်းတပ်ထံ နိုင်ငံတကာ​ရောက်အလှူရှင်များက AK-47 အလက် ၄၀ ၊ကျည် ၁၂၀၀၀ ​တောင့်နဲ့ စစ်သုံးပစ္စည်းများ​ထောက်ပံ့​

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ထံသို့ နိုင်ငံတကာရောက်ချင်းတိုင်းရင်းသား အဖွဲ့များနဲ့ အလှူရှင်များက AK-47 သေနတ် ၄၀ လက်၊ ကျည် ၁၂၀၀၀ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ International Mindat K’Cho Organization (IMCO)၊ Heal the world နဲ့ CEA(Norway)တို့က ထောက်ပံ့ခြင်းဖြစ်ပြီး စစ်လက်နက်ပစ္စည်းတွေကို စက်တင်ဘာ ၂၈ ရက်မှာ CDF-Mindat က လက်ခံရယူခဲ့တာလို့ ဆိုပါတယ်။ နောက်ထပ်ပြီးလည်း AK-47 ၁၀ လက်၊ ကျည် ၃၀၀၀ နဲ့ ကျည်အိမ် ၃၀ ကို မကြာခင် ထပ်မံရရှိမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪️KNU ဖာပွန်ခရိုင် စက်တင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေ၊ KNLA ရဲဘော် ၅ ဦး ကျဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်ခရိုင်(ဖာပွန်ခရိုင်)မှာ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ KNLA တပ်မဟာ (၅)က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၃၉ ဦး သေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး အပါအဝင် ၄၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ KNLA တပ်မဟာ(၅)ဘက်က ရဲဘော် ၅ ဦးကျဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ရာ အလေးချိန်ပေါင် ၅၀၀ ကျော် ဗုံးများအသုံးပြု တိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်များလည်း အသုံးပြု ပစ်ခတ်ခဲ့ပါတယ်။

▪️စစ်ကောင်စီလက်အောက်ခံ ရဲ ၄ ဦးကို PDF-Zoland ဖမ်းဆီး

ချင်းပြည်နယ် တီးတိန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို မနေ့က ဖမ်းဆီးမိခဲ့တယ်လို့ PDF-Zolandက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ရဲတပ်ဖွဲ့ဝင်လေးဦးဟာ တီးတိန်-ရိဒ်လမ်းမပေါ်ရှိ ခရီးသွားယာဥ်များနဲ့ ကုန်သည်ယာဥ်များထံမှ အဆမတန်ငွေကြေးတောင်းခံနေမှုကြောင့် ဖမ်းဆီးရတာလို့ PDF-Zoland တာဝန်ရှိသူက ပြောပါတယ်။ ဖမ်းဆီးခံရသူများမှာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခပ်တုန်း၊ စည်သူမိုးနဲ့ ချမ်းငြိမ်းကျော်တို့ဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းထားတယ်လို့ PDFက အသိပေးပါတယ်။

(PDF-Zoland ဖမ်းဆီးခဲ့သော ရဲလေးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - PDF-Zoland)
(PDF-Zoland ဖမ်းဆီးခဲ့သော ရဲလေးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – PDF-Zoland)

▪️ပေါက်မြို့နယ် ရိက္ခာသည်စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ရိက္ခာသည်ယာဉ်များပါဝင်တဲ့ စစ်ကောင်စီယာဥ်တန်းကို ရေပြာရဲစခန်းအနီးမှာ တိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ပခုက္ကူတပ်မ(၁၀၁)မှ ရိက္ခာသည်ယာဉ်များအပါအဝင် မော်တော်ယာဥ် ၇၃ စီးဖြင့် ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပေါက်မြို့နယ်၊ ရေပြာရွာရဲစခန်းအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အနီးကပ်ပစ်ခတ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့က ဆိုပါတယ်။

▪️မုံရွာမြို့နယ်ရှိ သာစည်ရဲစခန်းဂိတ်ကို NPRF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှိ စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးတယ်လို့ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု(NPRF) ခေါင်းဆောင် ကိုဝေလင်းက ပြောပါတယ်။ စက်တင်ဘာ ၃၀ ရက်က မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ်ဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်သုံးဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဝေလင်းက ပြောပါတယ်။

(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ – CJ)