Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိမ်အလှူတော်အစီအစဥ် တစ်ထောင်ပြည့်ပြီ

အိမ်စီမံကိန်းအဖြစ် အရေးပေါ်စစ်ကြောင်းဝင်၍ ပြေးလျှင် အလွယ်တကူသယ်ယူဆောက်လုပ်နိုင်ရန် ​ရွေ့လျားအိမ်စီစဥ်နေကြောင်း S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

(S&C အဖွဲ့ဆောက်လုပ်လှူဒါန်းပေးထားသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ - S&C)
(S&C အဖွဲ့ဆောက်လုပ်လှူဒါန်းပေးထားသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ - S&C)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့်မုံရွာခရိုင်အတွင်းရှိ မီးရှို့ဖျက်ဆီးခံရသည့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ပေးခဲ့ရာ မကြာမီ အလုံးရေတစ်ထောင်ပြည့်မည်ဖြစ်ကြောင်း S&C မီး​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်နှင့် မုံရွာခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှ နေအိမ်များပြန်လည်တည်ဆောက်ပေးခဲ့ရာ လာမည့် နိုဝင်ဘာအတွင်း နေအိမ်အလုံးရေတစ်ထောင်ပြည့်မည်ဟု S&C မီး​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

“စာရင်းကတော့ ပြည့်သွားပြီ။ ဆောက်ပြီးသွားတာ ၉၆၀။ ကျန်တဲ့အလုံး၄၀ လည်း အခုလက်ရှိဆောက်နေတယ်။ဒီလနဲ့ လာမယ့်လအတွင်းလောက် ပြီးမယ်”ဟု ကိုစိုးမိုးအောင်က ပြောသည်။

နေအိမ်တစ်ထောင်ပြည့်သွားသော်လည်း လိုအပ်လျှင် ထပ်မံဆောက်လုပ် လှူဒါန်းပေးသွားမည်ဟု S&C အဖွဲ့က ဆိုသည်။

ထို့အပြင် အိမ်စီမံကိန်းအဖြစ် အရေးပေါ်စစ်ကြောင်းဝင်၍ ပြေးလျှင် အလွယ်တကူသယ်ယူဆောက်လုပ်နိုင်ရန် ​ရွေ့လျားအိမ်စီစဥ်နေကြောင်း S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

အိမ်အလှူတော်အစီအစဥ်သည် ပြည်သူများ၏ လှူဒါန်းငွေဖြင့် ယခုနှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး အိမ်တစ်လုံးလျှင် ကျပ်နှစ်သိန်းနှူန်းဖြင့် ဆောက်လုက်လှူ​ဒါန်းပေးခဲ့သည်။ ယခုနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်လာ၍ နှစ်သိန်းခွဲနှူန်းဖြင့် S&C အဖွဲ့က ဆောက်လုပ်ပေးခဲ့သည်။

S&C မီး​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့သည် စစ်ကိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများအား ဆောင်ရွက်ပေးနေသည်။