Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီစခန်းသိမ်းပိုက်ပြီးနောက် အောင်ဂျာစစ်မြေပြင်သို့ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် သွားရောက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာဒေသရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီစစ်မြေပြင်သို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်စခန်းကို KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သုံးရက်အကြာမှာ KIO အုပ်ချုပ်ရေးအဖွဲ့အစည်း ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒု-ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်မြေပြင်ရှိရဲဘော်များကို သွားရောက်အားပေးခဲ့တာပါ။ အဲဒီလို အားပေးရင်း စစ်ကောင်စီက သူ့ရဲ့ရဲဘော်တွေကို လေကြောင်းကနေ ရိက္ခာချပေးရာမှာ ကုန်ဆုံးရက်ကျော်လွန်နေတဲ့ အစားအသောက်တွေ တွေ့ရှိခဲ့တာကိုလည်း ဒု-ဗိုလ်ချုပ်ကြီးဂွန်မော်က အသိပေး ထားပါတယ်။ ဒု-ဗိုလ်ချုပ်ကြီးဂွန်မော်က “စကစ လေကြောင်းကနေ ချပေးတဲ့ ထမင်းကြော်ထုပ်ရဲ့ နေ့စွဲမှတ်တမ်းကို ကြည့်တော့ 18-2-2021 တဲ့။ ဒီ ထမင်းကြော်ထုပ်ရရှိခဲ့တဲ့ စကစ စစ်သည်(နောက်ဆုံးအချိန်မှာ) ဘယ်လိုများ ခံစားခဲ့ရ မလဲလို့ အပြန်ခရီးမှာ တွေးနေမိပါတော့တယ်”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ – Gunmaw Sumlut/FB)

▪️စစ်တပ်အပေါ် အရေးယူမှု ပျက်ကွက်နေခြင်းကို ရပ်တန့်ကြဖို့ နိုင်ငံတကာသို့ မြန်မာသံအမတ်ကြီးပြော

နိုင်ငံတကာက စစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များ ချမှတ်ဖို့ ပျက်ကွက်နေတဲ့ ကာလပတ်လုံး ပြည်သူများရဲ့ ဆင်းရဲဒုက္ခသည်လည်း ပိုမို ဆိုးရွားလာနေမှာဖြစ်ပြီး ပြည်သူ အများအပြား ပိုမို သတ်ဖြတ်ခံနေရမှာသာဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပြောပါတယ်။ ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်ချက်များကို အခုပင် ချမှတ်ဖို့ လိုအပ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်ဘူးလို့ မြန်မာသံအမတ်ကြီးက မနေ့က ပြောပါတယ်။ မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းဟာ အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံရဲ့ အကျိုးစီးပွားကိုမျှ ထိပါးစေမှာ မဟုတ်ပေမယ့် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီလို့ သံအမတ်ကြီးက အသိပေးပါတယ်။

▪️ကရင်နီမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ စစ်​ကောင်စီတပ်သား ​ဆေးဖိုးမ​လောက်လို့ အလှူခံ​နေ

ကရင်နီပြည်နယ် စစ်ဆင်ရေးမှာ ဒဏ်ရာများအပြင်းအထန်ရရှိခဲ့ပြီး အသက်ရှင်ကျန်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဆီက ဆေးဝါးလုံလောက်စွာမရရှိလို့ နည်းများမဆို လှူဒါန်းပေးဖို့ စစ်ကောင်စီတပ်သားတစ်ဦးက လူမှုကွန်ရက်ကနေ အလှူငွေကောက်ခံနေပါတယ်။ အလှူငွေကောက်ခံနေတဲ့ တပ်ကြပ်ဇင်မင်းထက်အောင်နဲ့အတူ စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ခဲ့ပြီး ကျန် လေးဦးက သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာအပြင်းအထန်နဲ့ ရှင်ကျန်ရစ်တဲ့ တပ်ကြပ်ဇင်မင်းထက်အောင်ကို စစ်ကောင်စီက လုံလောက်တဲ့ဆေးဝါးကုသမှုမပေးတာကိုလည်း သူက အသိပေးပါတယ်။ ဒီဖြစ်စဥ်အရ စစ်ကောင်စီတပ်ဟာ နိုင်ငံတကာအဆင့်မီစစ်တပ်လို့ ကြွေးကြော်နေပေမယ့် မိမိရဲ့တပ်သားတစ်ဦးကိုပင် ကောင်းမွန်စွာဆေးကုသမှုမရှိတာဟာ စစ်ကောင်စီ(စစ်တပ်)က အောက်ခြေစစ်သားများကို ကျွန်အဖြစ်သတ်မှတ်ထားခြင်းဖြစ်တယ်လို့ CDMဗိုလ်ကြီး ထက်မြက်က မှတ်ချက်ပြုပါတယ်။

(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)
(ကရင်နီတိုက်ပွဲမှ အမာရွတ်များကိုပြသ​နေ​သောစစ်​ကောင်စီတပ်သား တပ်ကြပ်ဇင်မင်းထက်အောင်။ ဓါတ်ပုံ-ဇင်မင်းထက်​အောင်၏ရုပ်သံဖိုင်မှ)

▪️ထီးချိုင့်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ် ကုန်းလမ်း၊ရေလမ်းမှ အင်အားဖြည့်တင်း

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ ရှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည်အထိ အထိနာပြီးနောက် စစ်ကောင်စီတပ်ဟာ ကုန်းလမ်းနဲ့ ရေလမ်းမှ အင်အားဖြည့်နေပြီး ဒေသခံများ လုံခြုံရေးအထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုများက သတိပေးပါတယ်။ ထီးချိုင့်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် ညနေက ဆိုင်ကယ်များဖြင့် ထွက်လာတဲ့ စစ်ကောင်စီတပ်သားများနဲ့ ရဲများကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရဲနှစ်ဦးကို အရှင်ဖမ်းမိကာ သေ‌နတ်သုံးလက်ကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ကြောင်းမှတဆင့် အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်က သင်္ဘောများပေါ်မှ မြစ်ကမ်းဘေးရှိ ကျေးရွာများကို ပစ်ခတ်မှုပြုလုပ်တယ်လို့လည်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ်က တွေ့ရသော စစ်ကောင်စီရေယာဉ်တစ်စီး။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့)
(ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ်က တွေ့ရသော စစ်ကောင်စီရေယာဉ်တစ်စီး။ ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့)

▪️စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်လို့ ကျိုက်ထိုဒေသခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လို့ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ကျိုက်ထိုမြို့နယ် လက်ပံပင်ကျေးရွာမှာ တပ်စွဲထားတဲ့ ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ အမှတ်(၂)ခြေလျင်တပ်ရင်းစခန်းမှ မဲရုံးလေးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ တပ်မ (၄၄)လက်အာက်ခံ အမြောက်တပ်များဖြစ်တဲ့ (အမတ-၃၁၀)၊ (အမတ-၆၀၂)၊ (ခလရ -၂)၊ (ခမရ-၂၀၇) တပ်ရင်းများသာမက ရဲစခန်းများမှ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုများစွာရှိနေပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦး၊ လူနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများစွာ ရှိနေကြောင်း KNUက ထုတ်ပြန်ပါတယ်။

▪️သပိတ်ကျင်းမှာ တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ ထိခိုက်မှုများတယ်လို့ သပိတ်ကျင်းမြို့နယ်(ပကဖ)၊ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၃ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်တစ်ပတ်ကျော်ကြာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဖော်ပြပါတယ်။ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

(တိုက်ပွဲအတွင်း စစ်ကောင်စီတ​ပ်အား တိုက်ခိုက်နေသောရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)
(တိုက်ပွဲအတွင်း စစ်ကောင်စီတ​ပ်အား တိုက်ခိုက်နေသောရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)

▪️စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် ၃၀ ကျော်ကို PDFများ ဆန်အိတ်ထောက်ပံ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားတဲ့ နေအိမ် ၃၀ ကျော်ကို ဆန်အိတ်များထောက်ပံ့ပေးခဲ့တယ်လို့ Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ ဒီလ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်ဟာ ရေစကြိုရေလယ် ကျွန်းဒေသသို့ စစ်ကြောင်းထိုး ဖျက်ဆီးခဲ့ရာ ကျေးရွာ ၇ ရွာမှ လူနေအိမ် ၃၄ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ Myingyan Black Tiger-MBT တပ်ဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေကို Front Line Voice နဲ့ ပြည်သူလူထုရဲ့ ထောက်ပံ့ငွေဖြင့် ကူညီပံ့ပိုးပေးခဲ့တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။