Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လူထုအသံနားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ ယာယီသမ္မတ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အတူတူဝိုင်းဝန်းကြိုးစားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းတယ်။ လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်းနားထောင်နေဖို့ အထူးအရေးကြီးပြီး NUG အစိုးရအဖွဲ့ဝင်အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူတူ ဝိုင်းဝန်းကြိုးစားသွားကြဖို့ မေလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကတ်ဘိနက်အစည်းအဝေးမှာ တိုက်တွန်းခဲ့တာပါ။ အဲဒီ ပြောကြားချက်ကို ယာယီသမ္မတက ပြည်သူများထံသို့ ထပ်မံသတင်းစကားပါး အသိပေးတာဖြစ်ပါတယ်။

လူထုအသံနားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် ယာယီ သမ္မတ ထပ်မံတိုက်တွန်း
လူထုအသံနားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် ယာယီ သမ္မတ ထပ်မံတိုက်တွန်း

▪️အာဆီယံမှာ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်​​ခြေအများဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်

စစ်တပ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်အကြာမှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံများအနက် ရင်းနှီးမြှုပ်နှံရာမှာ ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာတလွှားစီးပွားဆိုင်ရာအချက်အလက်များထုတ်ပြန်နေတဲ့ Visual Capitalistအဖွဲ့က ထုတ်ပြန်ဖော်ပြပါတယ်။ ကမ္ဘာပေါ်မှာ ရင်းနှီးမြှုပ်နှံရာမှာ စွန့်စားရပြီး ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၂၄ ဖြစ်ပြီး အာဆီယံမှာ လာအိုနိုင်ငံနှင့်အတူ ထိပ်ဆုံးမှာ ရှိနေတာပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရာမှာ စွန့်စားရမှု ၁၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စင်ကာပူနိုင်ငံက စွန့်စားရမှု သုည ရာခိုင်နှုန်းဖြစ်ပါတယ်။ အဲဒီအချက်အလက်များဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတွက်ချက်ခဲ့ခြင်းဖြစ်တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ
မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ဗုံးကြဲ

▪️မှော်ဘီလေထပ်တိုက်ခိုက်မှု အထိအခိုက်များနိုင်ဟု U.S.Oပြော

တိုင်းရင်းသားဒေသများနဲ့ အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်‌နေတဲ့ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ၅ လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation(U.S.O)တာဝန်ရှိသူက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများပြားတယ်လို့ ကြားသိရပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ရဲဘော်များ အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ U.S.O တာ၀န်ရှိက ဆိုပါတယ်။ မနေ့ညပိုင်းက ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို အတွင်းဖရဲသီးများရဲ့ သတင်းပေးပို့မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဲဒီနေရာမှာလေယာဉ်ဆီ ၊ လေယာဉ်ပြုပြင်ဖို့ ပစ္စည်းများနဲ့ ပြောင်းရွှေ့ရပ်နားထားတဲ့ လေယာဉ်များရှိတယ်လို့ U.S.Oရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ဆင်ရေးအပြီးမှာ စစ်ကောင်စီတပ်ဟာ မှော်ဘီ၊ ထောက်ကြန့် နဲ့ လှည်းကူးမြို့နယ်အနီးတဝိုက်မှာ ရဟတ်ယာဉ်များ အနိမ့်ပျံကာ ဆလိုက်မီးများထိုးကာ အသည်းအသန်ရှာဖွေခဲ့တယ်လို့ U.S.O တာ၀န်ရှိသူက ပြောပါတယ်။

▪️ကျောက်ကြီးဒေသခံများကို လက်နက်ကြီး၊ လေကြောင်းရန် ကာကွယ်ရေးသင်တန်းပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်ရှိ ဒေသခံပြည်သူများကို လေကြောင်းရန်နဲ့ လက်နက်ကြီးရန် ကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်နေရတဲ့ ကျေးရွားများအတွင်းရှိ ပြည်သူလူထုများကို KNU လယ်ဒိုမြို့နယ် ကျန်းမားရေးဌာန၊ Free Burma Ranger (FBR)နဲ့ ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ ပူးပေါင်းပြီးကူညီရေးလုပ်ငန်းများ လုပ်ဆောင်ပေးစဉ် သင်တန်းပို့ချခဲ့တာလို့ ဆိုပါတယ်။ အဲဒီခရီးစဉ်မှာ လိုအပ်တဲ့ စားနပ်ရိက္ခာများနဲ့ ဆေးဝါးများကို Free Burma Ranger (FBR)အဖွဲ့က အဓိကထောက်ပံ့ပေးခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

(စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးနေစဥ်။ ဓာတ်ပုံ - KNU)
(စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးနေစဥ်။ ဓာတ်ပုံ – KNU)

▪️ပဲခူးရိုးမအတွင်း ပြည်သူများကို ဖမ်းဆီးခေါ်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ပဲခူးရိုးမအတွင်း ပြည်သူများအား ကြိုးတုပ်ဖမ်းဆီးပြီး ခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့မနက်ပိုင်းက ပဲခူးရိုးမအတွင်း အင်အား ၂၀ ခန့်ဖြင့် အရပ်သားပြည်သူခြောက်ဦးအား ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကို ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီး ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ တပ်ခွဲ-၅ တာ၀န်ရှိသူက ပြောပါတယ်။

▪️ရွှေဘိုနယ် ဘုန်းဘွဲ့ကျေးရွာ ဒေသခံ အရပ်သား သုံးဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံအရပ်သားပြည်သူ သုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဘုန်းဘွဲ့ကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်အထိ ၆ ရက်ကြာတပ်စွဲသွားတဲ့ စစ်ကောင်စီတပ်က ကျေးရွာနေ အမျိုးသား သုံးဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများအား ကျေးရွာအတွင်း စွန့်ပစ်ထားခဲ့တယ်လို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အသက် ၃၀ နဲ့ ၄၅ အကြား ရုပ်အလောင်းများကို စစ်ကောင်စီတပ် ထွက်ခွာသွားပြီးနောက် အောက်တိုဘာ ၂၁ ရက်မှာ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နယ်မြေခံ တပ်ရင်း၊ ပကဖများ ပူးပေါင်းကာ ဘုန်းဘွဲ့ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

▪️အိမ်အလှူတော်အစီအစဥ် တစ်ထောင်ပြည့်ပြီ

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ မုံရွာခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ပေးခဲ့ရာ မကြာမီ အလုံးရေတစ်ထောင်ပြည့်မယ်လို့ S&C မီး​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်၊ မုံရွာခရိုင်အတွင်းရှိ ကျေးရွာများမှ နေအိမ်များကို ပြန်လည်တည်ဆောက်ပေးခဲ့ရာ လာမယ့် နိုဝင်ဘာအတွင်း နေအိမ်အလုံးရေတစ်ထောင်ပြည့်မယ်လို့ S&C မီး​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။ စာရင်းအရ ၁၀၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး ကျန်တဲ့အလုံးရေ ၄၀ ကို ဒီလနဲ့ လာမယ့်လအတွင်း ပြီးစီးမယ်လို့ ကိုစိုးမိုးအောင်က ရှင်းပြပါတယ်။

(S&C အဖွဲ့ဆောက်လုပ်လှူဒါန်းပေးထားသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ - S&C)
(S&C အဖွဲ့ဆောက်လုပ်လှူဒါန်းပေးထားသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ – S&C)