Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ရာ ယာဥ်လေးစီးပျက်စီးပြီး တစ်စီးမီးရှို့ဖျက်ဆီးခဲ့ဟု လွိုင်ကော်ခရိုင် PDF ပြော

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း လည်း လွိုင်ကော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂)က ထုတ်ပြန်သည်။

(လွိုင်ကော်-ဒီးမော့ဆိုလမ်းပိုင်း၌ မီးရှို့ခံရသည့် စစ်ကောင်စီယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMO-1106 တပ်ရင်း)
(လွိုင်ကော်-ဒီးမော့ဆိုလမ်းပိုင်း၌ မီးရှို့ခံရသည့် စစ်ကောင်စီယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMO-1106 တပ်ရင်း)

လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့သို့ ဦးတည်လာသော စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ ထောက်ပို့ယာဥ်လေးစီးပျက်စီးပြီး တစ်စီးမီးရှို့နိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လွိုင်ကော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂)က ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း လည်း လွိုင်ကော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂)က ထုတ်ပြန်သည်။

လွိုင်ကော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ (၂)က နိုဝင်ဘာ ၃ရက်ကစ၍ စစ်ကောင်စီတပ်စွဲထားရာနေရာများကို ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ဘောလခဲမြို့သို့ ရိက္ခာပို့၍ ဒီးမော့ဆိုမြို့နယ်ဘက်သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ၃နာရီကြာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် နိုဝင်ဘာ ၅ရက်က လွိုင်ကော်မှ ဒီးမော့ဆိုမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းကို နံနက် ၁ နာရီကစ၍ ၂နာရီခွဲအထိ တိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီယာဥ်လေးစီးဖျက်ဆီးကာ တစ်စီးကို မီးရှို့ခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦးသေဆုံး၊ ခြောက်ဦးထက်မနည်းဒဏ်ရာရရှိသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကျတော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့စကစယာဥ်တန်းကို လေးစင်းကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး တစ်စင်းကို မီးရှို့လိုက်နိုင်တာ။ကားထဲမှာ သွေးအိုင်တွေနဲ့ ရှိနေပါတယ်။ ကျတော်တို့ မီးရှို့လိုက်တဲ့ကားက ဆန်တင်လာတဲ့ ထောက်ပို့ကားပါ။ပျက်ထားတဲ့ ကျန်သုံးစီးကိုမီးထပ်ရှို့ဖို့လုပ်တုန်း သူတို့ စစ်ကူထပ်ဖြည့်လို့နောက် ဆုတ်ရတဲ့အနေအထားမှာရှိပါတယ်ဗျ။ကျန်တဲ့ သုံးစင်းမီးမရှို့ရတာတောင် ဒရုန်းနဲ့ဗုံး ခေါက်တုန့်ခေါက်ပြန်ချခဲ့ပါသေးတယ်”ဟု လွိုင်ကော်ခရိုင် ဗျူ ဟာ(၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဒီးမော့ဆိုမြို့နယ်တစ်မြို့လုံးနီးပါးနှင့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ် ပေါင်းစုများအကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး အချိန်မရွေးတိုက်ပွဲများဖြစ်လာနိုင်ကြောင်းလည်း လွိုင်ကော်ခရိုင် ဗျူဟာ (၂)က သတိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်း၊ပစ္စည်းများသယ်ဆောင်းခြင်းအပါအဝင် အသွား အလာလုံးဝမပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။