Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်အပါအဝင် သိမ်းရန် ကျန်နေသည့် မြို့နှင့် စခန်းများကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ဟု ညီနောင် မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်

မူဆယ်တွင် မူဆယ် ၁၀၅ မိုင် ရှိစစ်တပ်ဗျူဟာကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီး ပတ်ဝန်းကျင်မြို့များကိုလည်းညီ​နောင် မဟာမိတ်သုံးဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ထားသည်။

တရုတ်က ဖမ်းဝရမ်းထုတ်ထား​သောကျဖျင့်​ခေါင်း​ဆောင်များ။အများစုမှ စစ်​ကောင်စီလက်​အောက်ခံပြည်သူ့စစ်​​ခေါင်း​ဆောင်နှင့် မိသားစုဝင်များဖြစ်သည် ဓါတ်ပုံ-AFP

▪︎၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီက ကျဖျင့်လုပ်ကိုင်သူ လေးသောင်းနီးပါးကို တရုတ်နိုင်ငံထံ အပ်နှံခဲ့သော်လည်း ခေါင်းဆောင်ပိုင်းများကို အကာအကွယ်ပေးထားဆဲဟု အသိ​ပေး

▪︎၁၀၂၇ စစ်ဆင်​ရေးတွင် လက်နက်ချ၍ အသက်ချမ်းသာရ​​သောစစ်​ကောင်စီတပ်ဖွဲ့ဝင် ၆၀၀၀ ​ကျော်ရှိဟုဆို

၁၀၂၇ စစ်ဆင်ရေး (၃) လတာ အတွင်း ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေး၊ တစ်ဖွဲ့ချင်းအလိုက်ထိုးစစ်များနှင့် စုပေါင်းထိုးစစ်များကို မဟာဗျူဟာမြောက်စွာဆင်နွှဲခဲ့​ပြီး အခြေအနေ တစ်ခုအောက်တွင် အပြီးသတ် သိမ်းနိုင်ရန် ကျန်နေသေးသည့် မြို့ နှင့် စစ်ကောင်စီစခန်းအချို့ကိုလည်း မဟာဗျူဟာမြောက် ဝိုင်းရံ ပိတ်ဆို့ထားပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့(ဇန်နဝါရီ ၂၈ ရက်)ညတွင် ထုတ်ပြန်ကြေညာသည်။

“ဥပမာ- ရှမ်းမြောက်တွင်မူဆယ်မြို့အပါအဝင် အခြားသောမြို့အချို့ နှင့်ရက္ခိုင်ဒေသအတွင်း အခြားသောမြို့အချို့တို့အား မိမိတို့မှ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားဆဲပင်ဖြစ်သည်” ဟုဖော်ပြထားသည်။

မူဆယ်တွင် မူဆယ် ၁၀၅ မိုင် ရှိစစ်တပ်ဗျူဟာကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီး ပတ်ဝန်းကျင်မြို့များကိုလည်းညီ​နောင် မဟာမိတ်သုံးဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ထားသည်။

ထို့အတူ မပြီးဆုံးသေးသော ညီနောင်သုံးဖွဲ့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသည့် ဆန္ဒများပြည့်ဝစေရေးအတွက် အတူရှိနေသည်ဟုလည်း ထပ်လောင်း အသိပေးသည်။

မြန်မာတရုတ်နယ်စပ်ရှိ ကုန်သွယ်​ရေးမြို့​တော် မူဆယ်မြို့(တိုက်အနိမ့်များ) နှင့် တရုတ်နိုင်ငံဘက်ခြမ်းမှ အထပ်မြင့်တိုက်များစွာဖြင့် ​​ကျယ်​ခေါင်၊ ရွှေလီမြို့တို့ကို ၂၀၁၉ ဇန်နဝါရီလတွင် အ​ဝေးမှ မြင်​တွေ့ရပုံ
မြန်မာတရုတ်နယ်စပ်ရှိ ကုန်သွယ်​ရေးမြို့​တော် မူဆယ်မြို့(တိုက်အနိမ့်များ) နှင့် တရုတ်နိုင်ငံဘက်ခြမ်းမှ အထပ်မြင့်တိုက်များစွာဖြင့် ​​ကျယ်​ခေါင်၊ ရွှေလီမြို့တို့ကို ၂၀၁၉ ဇန်နဝါရီလတွင် အ​ဝေးမှ မြင်​တွေ့ရပုံ

ရှမ်းမြောက်ဒေသအတွင်း ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း လုပ်သင့်လုပ်ထိုက်သောအလုပ်များနှင့်အတူ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးကိစ္စရပ်များတွင် အချိန်အလ ဟဿမဖြစ်ရအောင် လုပ်ဆောင်လျက်ရှိနေသည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၁၀၂၇ စစ်ဆင်ရေး၏ ရိုက်ခတ်မှုကြောင့် လောက်ကိုင်မြို့တွင်း၌ စစ်ကောင်စီနှင့် စစ်ကောင်စီလက်ဝယ်ခံများ ထိန်းချုပ်ထားသောနေရာများမှ အွန်လိုင်းလောင်းကစား (ကျဖျင်) လိမ်လည်လုပ်ကိုင်သူ (၃၆,၀၀၀) မှ (၄၀,၀၀၀) နီးပါး အရေအတွက်တို့အား စစ်ကောင်စီသည် တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ စစ်ရေးနိုင်ငံရေးဖိအားများ အောက်တွင် မတတ်သာ၍ အပ်နှံခဲ့ရကြောင်းဖော်ပြထားသည်။

စစ်​ကောင်စီလက်ဝယ်ခံမှာ မည်သူများဆိုသည်ကို ရှင်းပြမထား​သော်လည်း စစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်​ခေါင်း​ဆောင်များနှင့် ပြည်သူ့စစ်များမှာ ကျဖျင်လုပ်ငန်းကိုအဓိကလုပ်ကိုင်သည်ဟု​သိရသည်။

စစ်​ကောင်စီက ကျဖျင့် လုပ်ကိုင်သူများကို အပ်နှံခဲ့ခြင်းမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် သာ ဖြစ်ပြီး စစ်ဆင်ရေး သာမရှိပါက အဆိုပါကျဖျင့်လုပ်ကိုင်သူများသည် ယခုထက်ပိုမိုများပြားလာဖွယ်သာရှိသည်ဟု အသိ​ပေးထားသည်။

စစ်ကောင်စီမှ အပ်နှံလိုက် သောအဆိုပါအရေအတွက်ထဲတွင် တရုတ်နိုင်ငံမှ အလိုရှိနေသည့် ဝရမ်းထုတ်ထားသောသူအချို့၊ ကျဖျင် ကုမ္ပဏီပိုင်ရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်ခဲ့သော်လည်း တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသော ကျဖျင့်ခေါင်းဆောင်ကြီးများကိုမူ စစ်ကောင်စီသည် အပ်နှံခြင်းမရှိသေးဘဲ အကာအကွယ်ပေးထားဆဲပင်ဖြစ်သည်ဟု ထုတ်ပြန်သည်။

ညီနောင်မဟာမိတ်တပ်များဘက်က ဖမ်းဆီးရမိထားသော ကျဖျင်လုပ်ကိုင်သူ (၃၀၀၀) ဦးခန့်ကို တရုတ်နိုင်ငံ တာဝန်ရှိသူများထံသို့ အပ်နှံထားပြီးဖြစ်ကြောင်းလည်း အသိပေးသည်။

၁၀၂၇ စစ်ဆင်ရေးကြီးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းကို တုန်လှုပ်ခြောက်ခြားမှု ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ညီနောင်သုံးဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီဆိုပါက အသက်သေဆုံးရန်နှင့် စခန်းဆုံးရှုံးရန်မှာ ရာနှုန်းပြည့်သေချာသွားပြီဆိုသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းမှ သိရှိနားလည်လက်ခံခဲ့ကြောင်း၊ ထို့ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မည့်တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလံဖြူထောင်ခြင်း၊ လက်နက်ချအညံ့ခံခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အသက်ချမ်းသာရာရခဲ့ကြကြောင်း ဖော်ပြထားသည်။

“စောစောထွက်ပြေးမှ အသက်ရှင်ခွင့်ရလိမ့်မည်ဟု အမှန်တရားကိုစောစောသိပြီး မိမိရဲဘော်၊ မိသားစုများ၏ အသက်ကိုငဲ့ညှာ၍ အသက်ချမ်းသာရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်မှာ ဤစစ်ဆင်ရေး(၃) လတာအတွင်း (၆၀၀၀) ကျော်မကရှိခဲ့ပြီဖြစ်သည်” ဟုလည်းထုတ်ပြန်ခဲ့သည်။

ထိုသို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ သွေးပျက်နေသည့်မြင်ကွင်းများမှာ မြန်မာနိုင်ငံအနှံ့ နေ့တိုင်း မြင်တွေ့နေရသည်မှာ သက်ဆိုးရှည် ဖက်ဆစ်စစ်အာဏာရှင်တို့၏ နောက်ဆုံးနေ့ရက်များဆီသို့ သွားရာလမ်းခရီး၏ အကြိုနေ့ရက်များပင်ဖြစ်ကြောင်း ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေး၊ နိုင်ငံ‌ရေး ရည်မှန်းချက်များသည် အတိုင်းအတာတစ်ခုထိ ပြည့်ဝခဲ့ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝမ်းသာရသည်မှာ မှန်သော်လည်း အလုံးစုံသောဘုံရည်မှန်းချက်ပြည့်ဝရန်အတွက်ဆက်လက်ချီတက်ရအုံးမည်ဟုလည်း အသိပေးသည်။

(မြန်မာတရုတ်နယ်စပ်ရှိ ကုန်သွယ်​ရေးမြို့​တော် မူဆယ်မြို့(တိုက်အနိမ့်များ) နှင့် တရုတ်နိုင်ငံဘက်ခြမ်းမှ အထပ်မြင့်တိုက်များစွာဖြင့် ​​ကျယ်​ခေါင်၊ ရွှေလီမြို့တို့ကို ၂၀၁၉ ဇန်နဝါရီလတွင် အ​ဝေးမှ မြင်​တွေ့ရပုံ/ တရုတ်က ဖမ်းဝရမ်းထုတ်ထား​သောကျဖျင့်​ခေါင်း​ဆောင်များ။အများစုမှ စစ်​ကောင်စီလက်​အောက်ခံပြည်သူ့စစ်​​ခေါင်း​ဆောင်နှင့် မိသားစုဝင်များဖြစ်သည် ဓါတ်ပုံ-AFP)