Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မောင်တောရှိ ဗျူဟာစခန်း ၂ခု သိမ်းနိုင်ခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဘင်္ဂလီတပ်ဖွဲ့ နှစ်ဖွဲ့ ဝိုင်းကူတိုက် ပေးခဲ့ကြောင်း AA ထုတ်ပြန်

ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက်ထားကြောင်း တွေ့ရှိရသည်ဟု ဖော်ပြသည်။

(​စစ်​ကောင်စီ​၏ နယ်ခြား​စောင့်တပ် ​တောင်ပြို (လက်ဝဲ၊လက်ယာ) စခန်းများနှင့် ဘင်္ဂလီလက်နက်ကိုင်အဖွဲ့ ARA ၊ RSO စခန်းများမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် မူးယစ်​ဆေးများ။ ဓါတ်ပုံ-AA Info Desk)
(​စစ်​ကောင်စီ​၏ နယ်ခြား​စောင့်တပ် ​တောင်ပြို (လက်ဝဲ၊လက်ယာ) စခန်းများနှင့် ဘင်္ဂလီလက်နက်ကိုင်အဖွဲ့ ARA ၊ RSO စခန်းများမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် မူးယစ်​ဆေးများ။ ဓါတ်ပုံ-AA Info Desk)

▪︎ဖမ်းမိသုံ့ပန်းများထွက်ချက်အရ AA၏ ထိုးစစ်မစခင်ကတည်းက ARAနှင့် RSO တပ်များ နှင့် တောင်ပြို (လက်ဝဲ/လက်ယာ)စခန်းမှ နယ်ခြားစောင့်တပ်မှူးများ ကြိုညှိကာ လက်နက်ခဲယမ်းများ ရောင်းချထားခဲ့ဟု ဖော်ပြ

▪︎တောင်ပြိုလက်ဝဲစခန်းနှင့်ချိတ်ဆက်ထားသည့် ဘင်္ဂလားနယ်စပ်ရှိ ARA စခန်းမှ လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

ရက္ခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီ၏ တောင်ပြို(လက်ဝဲ)နှင့် တောင်ပြို(လက်ယာ) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ၌ စစ်ကောင်စီဘက်က ဘင်္ဂလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းနှစ်ခုကို စခန်းရှင်းလင်းရေးလုပ်နေစဉ်အတွင်း ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသည့် ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများအတွင်းမှ အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(​စစ်​ကောင်စီ​၏ နယ်ခြား​စောင့်တပ် ​တောင်ပြို (လက်ဝဲ၊လက်ယာ) စခန်းများနှင့် ဘင်္ဂလီလက်နက်ကိုင်အဖွဲ့ ARA ၊ RSO စခန်းများမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် မူးယစ်​ဆေးများ။ ဓါတ်ပုံ-AA Info Desk)
(​စစ်​ကောင်စီ​၏ နယ်ခြား​စောင့်တပ် ​တောင်ပြို (လက်ဝဲ၊လက်ယာ) စခန်းများနှင့် ဘင်္ဂလီလက်နက်ကိုင်အဖွဲ့ ARA ၊ RSO စခန်းများမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် မူးယစ်​ဆေးများ။ ဓါတ်ပုံ-AA Info Desk)

အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်းအမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးထားပြီး ရရှိ လက်နက်ခဲယမ်း မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်သည်။

တောင်ပြို (လက်ယာ) စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသော (ARA) နှင့် (RSO) တပ်ဖွဲ့ဝင်များ သည် ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ကြောင်း AAက ဖမ်းမိ စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်ကို ကိုးကားဖော်ပြသည်။ တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ) တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်း စစ်သုံ့ပန်းများထံမှ သိရသည်ဟု AAက ထုတ်ပြန်သည်။

ထို့ပြင် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါသုံ့ပန်းများထံမှ ဆက်လက်သိရှိရသည်မှာ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများနှင့် အတူ နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်း ဖော်ပြသည်။

သိမ်းဆည်းရမိသည့် ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများမှ တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် တောင်ပြို တပ်စခန်းများ ထိုးစစ်ဆင်သိမ်းပိုက်နေစဉ် စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများကို ARA စခန်းမှ သိမ်းရသည်ဟုဆိုသည်။

ထို့ပြင် ပလတ်စတစ်လက်နက် များ၊ WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ (၂၈) ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရခဲ့ကြောင်း AAက ထုတ်ပြန်သည်။

ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက်ထားကြောင်း တွေ့ရှိရသည်ဟု ဖော်ပြသည်။

တောင်ပြို (လက်ဝဲ) စခန်းနှင့် ARA ၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးကြောင်း၊ ယင်းအကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြား အပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်ကြောင်း AAက ထုတ်ပြန်သည်။

ထို့အပြင် ARA စခန်း၏ တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်း ထင်ရှားစွာတွေ့ရှိရသည်ဟု ဆိုသည်။ ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်းတစ်ခုလည်းရှိနေကြောင်း ဖော်ပြထားသည်။

ရန်သူ့လက်နက်ဂိုဒေါင်များမှ လက်နက်ခဲယမ်းအချို့ကို ARA အဖွဲ့မှ ရယူနိုင်ခဲ့ခြင်းမှာ ၎င်းအချိန်တွင် စစ်ကောင်စီစခန်းအတွင်း၌ ARA တပ်များ အတူရှိနေခဲ့ပြီး AA၏ ထိုးစစ်ကို ပူးပေါင်း ခုခံတိုက်ခိုက်နေကြစဉ် စခန်းအတွင်းမှ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း ရသမျှ ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ယူဆောင်ရွာတွင် ARA အဖွဲ့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းမှ ဝင်ရောက်၍ ကားတစ်စီးဖြင့် လက်နက်ခဲယမ်းများ သယ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု AAက ထုတ်ပြန်သည်။

စစ်သုံ့ပန်းများကို ဆက်လက်စစ်ဆေးနေပြီး ထပ်မံသိရှိရသည်များကို အသိပေးထုတ်ပြန်မည်ဟု ဖော်ပြသည်။

မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား AA က ဖေဖော်ဝါရီ ၄ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ယင်းနေ၌ တောင်ပြို(လက်ယာ)စခန်းကို သိမ်းနိုင်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း AAက အသိပေးသည်။

ထိုသို့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၂၀၀ ကျော်သည် နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်သည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်(ဘင်္ဂလာ-ရက္ခိုင်နယ်စပ်)ရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့အတွက် အဓိက အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း အာရက္ခပြည်သူ့အစိုးရအနေဖြင့် အထူးအလေးပြုဆောင်ရွက်သွားမည်ဟု AAက ထုတ်ပြန်ခဲ့သည်။