Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွယ်ပွတ်ရွာအနီး ဖမ်းမိသည့် PNOနှင့်အတူရှိခဲ့သူ ၂ဦးကို နှိပ်စက်ခြင်းမရှိဘဲ အပြစ်မရှိပါက ပြန်လွှတ် ပေးမည်ဟု PNLA အသိပေး

တိုက်ပွဲများအတွင်းဖမ်းဆီးရရှိ​သော စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်​ပေါင်း ဆယ်ဂဏန်းရှိပြီဖြစ်​ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က​ပြောသည်။

လွယ်ပွတ်ရွာအနီး ဖမ်းမိသည့် PNOနှင့်အတူရှိခဲ့သူ ၂ဦးကို နှိပ်စက်ခြင်းမရှိဘဲ အပြစ်မရှိပါက ပြန်လွှတ် ပေးမည်ဟု PNLA အသိပေး
လွယ်ပွတ်ရွာအနီး ဖမ်းမိသည့် PNOနှင့်အတူရှိခဲ့သူ ၂ဦးကို နှိပ်စက်ခြင်းမရှိဘဲ အပြစ်မရှိပါက ပြန်လွှတ် ပေးမည်ဟု PNLA အသိပေး

▪︎စစ်ကောင်စီက တိုက်ပွဲမဖြစ် PNLA တပ်မရှိဘဲ ဘုန်းကြီးကျောင်းနှင် ရွာများကို ထပ်မံ ဖျက်စီး

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် တိုက်ပွဲတွင် ဖမ်းမိထားသူ ၂ဦးကို မည်သည့် နှိပ်စက်ခြင်းမှ မရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ထုတ်ပြန်ခဲ့ပြီး အပြစ်မရှိပါက ပြန်လွှတ်ပေးမည်ဟု အသိပေးသည်။

ဖေဖော်ဝါရီ ၆ရက်က PNLA အား ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ၂ ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း PNLAက ဖေဖော်ဝါရီ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဖမ်းမိသူ ၂ဦးမှာ ဦးခွန်မောင်လာ အသက် ၅၄ နှစ်နှင့် ဦးခွန်မောင်စိန် အသက် ၄၅ နှစ်တို့ဖြစ်ပြီး ၎င်းတို့အား စစ်ဆေးရာ ကျေးရွာခေါင်းဆောင် ကော်မတီဝင်များ ဖြစ်ပြီး PNOက လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းခံထားရသူများဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း PNLAက ယနေ့ အသိပေးသည်။

လွယ်ပွတ်ရွာအနီး ဖမ်းမိသည့် PNOနှင့်အတူရှိခဲ့သူ ၂ဦးကို နှိပ်စက်ခြင်းမရှိဘဲ အပြစ်မရှိပါက ပြန်လွှတ် ပေးမည်ဟု PNLA အသိပေး
လွယ်ပွတ်ရွာအနီး ဖမ်းမိသည့် PNOနှင့်အတူရှိခဲ့သူ ၂ဦးကို နှိပ်စက်ခြင်းမရှိဘဲ အပြစ်မရှိပါက ပြန်လွှတ် ပေးမည်ဟု PNLA အသိပေး

ဖမ်းဆီးရမိသည့်အချိန်တွင် ဦးခွန်မောင်စိန်ထံမှ ၎င်းဝတ်ဆင်ထားသည့် PNOပြည်သူ့စစ်ယူနီဖောင်းတစုံနှင့် စကားပြောစက်တလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း၊

၎င်းသည် PNOပြည်သူ့စစ်မှ ဖွင့်လှစ်သည့် စစ်သင်တန်းအမှတ်စဉ် ၄ ကိုတက်ရောက်ခဲ့ပြီး PNOပြည်သူ့စစ်က တပ်ဖွဲ့ဝင်ကဒ် ၊ ပြည်သူ့စစ် ယူနီဖောင်း တစုံနှင့် စကားပြောစက်တလုံး ထုတ်ပေးထားကြောင်း ကာယကံရှင်က ထွက်ဆိုသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဦးခွန်မောင်လာ ထွက်ဆိုချက်အရ PNO ပြည်သူ့စစ်က ၎င်းကို ခေါ်ယူထားခြင်းဖြစ်ကာ ရပ်ရွာဖျက်ဆီးမှုမခံရရေး၊ ပြည်သူ့စစ်များကို ထမင်း ဟင်း စသည်များ ဧည့်ခံရေးအတွက် ပြည်သူ့စစ်များနှင့်အတူရှိနေခြင်းဖြစ်ကြောင်း ဖြစ်သည်ဟု ဆိုသည်။

အခင်းဖြစ်သည့်နေ့တွင် PNOပြည်သူ့စစ်က PNLAကို ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် PNOပြည်သူ့စစ်က ထွက်ပြေးသွားခဲ့သော်လည်း ၎င်းတို့ အနေဖြင့် ထွက်ပြေးနိုင်ခြင်းမရှိဘဲ ဖမ်းခံရခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါ ဖမ်းမိသူ ၂ ဦးအား တရားရေးဌာနမှ လိုအပ်သည်များကို ဆက်လက် စစ်ဆေးပြီး ပြစ်မှုမရှိပါက ပြန်လည်လွတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်းဖမ်းဆီးရရှိ​သော စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်​ပေါင်း ဆယ်ဂဏန်းရှိပြီဖြစ်​ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က​ပြောသည်။

“သူတို့နှစ်ယောက်ကို တရားရေးဌာနက ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။ ၅၄ နှစ် နဲ့ ၄၅ နှစ် ပြည်သူ့စစ်က လူသားဒိုင်းလုပ်တာခံရတဲ့ပုံစံဖြစ်နေတာ ။ တစ်ယောက်က ပြည်သူ့

စစ်ယူနီဖောင်းဝတ်ပြီး စကားပြောစက်လည်းပါတယ် ပြည်သူ့စစ်ကဒ်လည်းပါတယ်။ ပြည်သူ့စစ်နဲ့လည်းအတူနေတယ်ဆိုတော့ မထိန်းသိမ်းထားလို့လည်းမရတဲ့အခြေအနေမှာဖြစ်နေတာ”​ဟု ခွန်ရိန်းယံ ကရှင်းပြသည်။

ထို့အပြင် ၎င်းတို့ ၂ ဦးအား မည်သည့် နှိပ်စက်ခြင်းမျှမပြုပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိကြောင်း PNLAက ဖော်ပြခဲ့ပြီး ပြည်သူများ၊ မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်ခြင်း မရှိရန် အသိပေးသည်။

ထို့ကြောင့် မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်စေရန် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်အပေါင်းအပါများ၏ စစ်ကြောင်းနှင့်အတူ လိုက်ပါနေထိုင်ခြင်း မပြုရန် ထပ်လောင်း တိုက်တွန်းထားသည်။ ထို့ပြင် စစ်ကောင်စီနှင့်အပေါင်းအပါများ၏ စခန်းအနီး စခန်းအတွင်းများတွင် သွားလာနေထိုင်ခြင်း၊ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ယူနီဖောင်းများအား ဝတ်ဆင်ခြင်း သိမ်းဆည်းထားခြင်းများ လုံးဝမပြုလုပ်ကြရန် အသိပေးထားသည်။

PNLA သည် စစ်ကောင်စီတပ်ကို ဇန်နဝါရီ လကုန်ပိုင်း၌ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရက်ပိုင်းအတွင်း ဆီဆိုင်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီး စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ တော်လှန်ရေးဘက်သို့ ကူးပြောင်းရန် တိုက်တွန်းထားသည်။

ထပ်မံရရှိ​သော သတင်းအရ စစ်ကောင်စီနှင့်အပေါင်းအပါများက ပအိုဝ်းဘုန်းတော်ကြီးကျောင်းများနှင့် ရွာများကို ဆက်လက်ပစ်ခတ်ဖျက်ဆီးနေကြောင်း PNLA က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့တွင် ဆီဆိုင်မြို့နှင့် ၇ မိုင်အကွာတွင်ရှိသည့် ထီတမောင်းဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီနှင့်အပေါင်းအပါများက မနက် ၈နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဇရပ်နှင့်ဓမ္မာရုံအဆောက်အဦးပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါနေရာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာလည်းမဟုတ်သကဲ့သို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တည်ရှိသည့်နေရာလည်း မဟုတ်ကြောင်း ထုတ်ပြန်သည်။

ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ဆီဆိုင်မြို့အရှေ့ဘက်ရှိ ကျေးရွာတရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ဟု ဆိုသည်။

ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ပအိုဝ်းတို့အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦးများကို တမင်သက်သက်ဖျက်ဆီးနေသည်မှာ ထင်ရှားလျက်ရှိ ကြောင်း PNLA က ထုတ်ပြန်သည်။

စစ်ကောင်စီနှင့်အပေါင်းအပါများ၏ လုပ်ရပ်သည် ၎င်းတို့အတွက် ကိုးကွယ်ရာဘာသာဟူ၍မရှိပဲ စစ်အာဏာရှင်ကိုသာ ကိုးကွယ်နေသည့်သူများဖြစ်သည်ကို ပြသလျက်ရှိသည်ဟု ဖော်ပြသည်။