မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့၍ကြီးမားစွာပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ဒေသအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်ကိုးကန့်တပ်မတော်(MNDAA) တို့က အလှူငွေများ ပေးအပ်ခဲ့ရာ ရက္ခိုင့်တပ်တော်(ULA/AA)ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
မုန်ုတိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ စီပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
မုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကိုလည်း ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ကြောင်း AA က အသိပေးသည်။ ယင်းကော်မတီတွင် AA စစ်ဒေသမှူးများ၊ ULA စစ်ဒေသ နိုင်ငံရေးမှူးများ၊ ကမ္ဘာလုံးဆိုင်ရာ ရခိုင်အမျိုးသားကွန်ရက် နိုင်ငံအလိုက်တာဝန်ခံများ၊ ပြည်တွင်းမှ တာဝန်ပေးထားသူများဖြင့် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။
AA၏ ညီနောင်အဖွဲ့အစည်းများဖြစ်သည့်TNLAနှင့် MNDAA တို့ကလည်း မုန်တိုင်းဘေးဒဏ်သင့် ပြည်သူလူထုများ၊ အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက်အထူးဝမ်းနည်းကြောင်း သဘောထား ထုတ်ပြန်ခဲ့ပြီး အရေးပေါ် အကူအညီများ လိုအပ်နေမှုအပေါ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။
ထို့အပြင်AA အနေဖြင့်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် အရေးပေါ် အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲ အကောင်အထည်ဖော်နိုင်ရန်အတွက် ဦးစီးပြီး အကောင်းဆုံးဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း MNDAAနှင့်TNLAက ထုတ်ပြန်ခဲ့သည်။