Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမ္မတူတွင် အများပြည်သူအသုံးပြုသည့် လမ်းကို ဖြတ်တောက်ခြင်းမဟုတ်၊ သတ္တုများ လက်နက် အားကိုးသိမ်းပိုက်သယ်ယူမှု ဟန့်တားခြင်းဖြစ်ဟု KIA ရှင်းလင်း

ဇွန်လ ၇ရက်မှစ၍ မြန်မာ – တရုတ် ရေနံပိုက်လိုင်းတစ်လျှောက် အများပြည်သူအသုံးပြုသည့် အဆိုပါလမ်းပိုင်းတွင် KIAအဖွဲ့က ဖြတ်တောက် ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(နမ္မတူမြို့နယ်အတွင်း လမ်းပိုင်းဖြတ်တောက်ထားသည်ဆိုသည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နမ္မတူမြို့နယ်အတွင်း လမ်းပိုင်းဖြတ်တောက်ထားသည်ဆိုသည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

သက်ဝေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် အများပြည်သူ အသုံးပြုသည့်လမ်းပိုင်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မြေတူးဖြတ်တောက်ပြီး သံဆူးချွန်များမြှုပ်ထားသဖြင့် ခရီးသွားယာဉ်များ အခက်တွေ့နေကြောင်း တအာင်းတပ်မတော်(TNLA)က ဇွန်လ ၁၀ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာအကြား အများပြည်သူအသုံးပြုသည့် လမ်းပိုင်းတွင် KIA တပ်ဖွဲ့မှ လမ်းမကြီးကို မြောင်းဖောက်၍ ဖြတ်တောက်ထားသည့်အပြင် လမ်းမပေါ်တွင် ရွှံ့နွံထဲ၌ သံဆူးချွန်များစိုက်ကာ ဖြတ်သန်းသွားလာသည့် ယာဉ်များသံဆူး၍ ဘီးပေါက်မှုကြုံနေရသည်ဟု TNLAက ဖော်ပြသည်။

ဇွန်လ ၇ရက်မှစ၍ မြန်မာ – တရုတ် ရေနံပိုက်လိုင်းတစ်လျှောက် အများပြည်သူအသုံးပြုသည့် အဆိုပါလမ်းပိုင်းတွင် KIAအဖွဲ့က ဖြတ်တောက် ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ TNLA ထုတ်ပြန်ထားသကဲ့သို့ ပြည်သူလူထုသွားသည့်လမ်းမကြီးပေါ် ဖြတ်တောက်ထားခြင်းမျိုးမဟုတ်ဘဲ ယင်းဒေသ၌ TNLAက လက်နက်အားကိုးပြီး KIA တူးထားသည့် သတ္တုများကို သယ်ယူနေခြင်းကြောင့် ဖြတ်တောက်မှု ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပြောသည်။

(နမ္မတူမြို့နယ်အတွင်း လမ်းပိုင်းဖြတ်တောက်ထားသည်ဆိုသည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နမ္မတူမြို့နယ်အတွင်း လမ်းပိုင်းဖြတ်တောက်ထားသည်ဆိုသည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

” TNLA ဘက်က သတင်းထုတ်ပြန်ထားတဲ့ အဲဒီသတင်းနဲ့ပတ်သက်လို့တော့ အဓိကတော့ပြည်သူလူထုသွားတဲ့ လမ်းမကြီးပေါ်ဖြတ်တောက်တာတွေ ဆူးညှောင့်တွေ ထောင်ထားတာတွေ မဟုတ်ဘူးလို့ပြောပါတယ်။ အဓိကကတော့ မအူဂျန်ဆိုတဲ့နေရာဒေသမှာ သတ္တုရိုင်းတွေ သတ္တုတွေထွက်တဲ့နေရာ ဖြစ်ပါတယ်။ အဲဒီနေရာကို ကျနော်တို့ KIO အနေနဲ့တော့ ငြိမ်းချမ်းရေးကာလမှာ လည်း ကျနော်တို့ တူးဖော်ပါတယ်။ တရားဝင် မြန်မာနိုင်ငံတော် အစိုးရရဲ့ ခွင့်ပြုချက်အရ ကျနော်တို့ ဘူးဂါးကုမ္ပဏီက တာဝန်ယူပြီးမှ တူးဖော်တာရှိခဲ့ပါတယ်။ နောက် ကုမ္ပဏီလည်း အပြောင်းအလဲ လုပ်ပြီးမှ ဆက်တိုက်ဆိုသလိုကျနော်တို့ တူးဖော်တာရှိပါတယ်။ ဒါပေမဲ့ အဲဒီ သတ္တုရိုင်းတွေကို ကျနော်တို့သယ်ယူဖို့ အခက်အခဲတွေ နည်းနည်းရှိပါတယ်။ လမ်းအဆက်အသွယ်တွေက အစပေါ့။ နောက်ဆုံး ကိုဗစ်ရောဂါ ဖြစ်တုန်းက ကျနော်တို့ခဏရပ်ထားတာရှိပါတယ်။ နောက်ပိုင်းကတော့ ကျနော်တို့ စစ်ရေးအရလည်း ခဏရပ်ထားတာရှိပါတယ်။ ကျနော်တို့ တူးဖော်ထားတဲ့ သတ္တုရိုင်း အများကြီးရှိပါတယ်။ အဲဒီသတ္တုရိုင်းတွေကို TNLA ဘက်က သူတို့ဘာသာ သူတို့လက်နက်အားကိုးပြီးမှ သူတို့ သိမ်းပိုက်ထားတာ။ သူတို့ကြိုက်သလို သူတို့ ပြန်သယ်ပြီးမှ ရောင်းစားဖို့ သူတို့ စီစဉ်ခဲ့တာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး TNLAနှင့် ညှိနှိုင်းမှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့သော်လည်း မရခဲ့ကြောင်း ၎င်းက ဆိုသည်။

” သူတို့က လက်နက်နဲ့ ဖိပြီးမှ အဲဒီလို မျိုးတွေလုပ်တာ။ ဒါကြောင့် အဲဒီဘက်မအူဂျန်ဆိုတဲ့ ဘက်ကိုသွားတဲ့ လမ်းကြားဘက်မှာ ကျနော်တို့ ဘက်က လမ်းတွေကို ဖြတ်တောက်ထားတာတွေ ဆူးခလောက်တွေထောင်ထားတာတွေရှိတယ်လို့သက်ဆိုင်ရာကို ကျနော်မေးကြည့်တော့ အဲဒီလို ပြောပါတယ်။အဲဒီလို လက်နက်ကို အားကိုးပြီးမှ အဲဒါမျိုးတွေလုပ်တာ တော့ မကောင်းဘူးနော်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဆိုတာကတော့ ဘယ်နေရာမဆို ဘယ်အဖွဲ့အစည်းမဆို လုပ်တာပဲ။ ဒါကြောင့် စီးပွားရေးကိုတော့ စီးပွားရေး သပ်သပ်နဲ့ ညှိနှိုင်းပြီး မှ လုပ်လို့ရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဥပမာအားဖြင့် ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုကို အဖွဲ့အစည်းပေါင်းစုံ ပြည်နယ်ပေါင်းစုံ နေရာဒေသပေါင်းစုံမှ လာတူးကြသည့် ဖြစ်ရပ်ရှိသည်ဟု ဆိုသည်။

” ဒါကြောင့် စီးပွားရေးကိုတော့ စီးပွားရေးလမ်းကြောင်းက ညှိနှိုင်းပြီးမှ လုပ်လို့ရပါတယ်။ အခုလို မျိုး လက်နက်အားကိုးပြီး လုပ်တာမျိုး အဆင်မပြေဘူးပေါ့။ ဒါကမလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့တွေလည်း လမ်းတွေကို ဖြတ်တောက်တာ ဆူးခလောက်၊ ဆူးညှောင့် ခလုတ်တွေ ထောင်ထားတယ်လို့ ပြောပါတယ်။ ဒေသခံတွေပေါ့။ လက်တွေ့သွားတဲ့သူတွေကို မေးကြည့်တော့ ပြောပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

TNLA၏ ထုတ်ပြန်ချက်တွင် KIAက လမ်းဖြတ်တောက်မှုမှာ အများအပြည်သူ အသုံးပြုသည့်လမ်း၊ မြန်မာ – တရုတ် ရေနံပိုက်လိုင်းတစ်လျှောက် အများပြည်သူအသုံးပြုသည့်လမ်းဆိုသည့် အချက်များသာ ဖော်ပြထားပြီး KIAဘက်က ရှင်းလင်းပြောဆိုသကဲ့သို့ သတ္တူ တူးဖော်မှုနှင့်သက်ဆိုင်သည့် အကြောင်းအရာများ ဖော်ပြမထားပေ။

(နမ္မတူမြို့နယ်အတွင်း လမ်းပိုင်းဖြတ်တောက်ထားသည်ဆိုသည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နမ္မတူမြို့နယ်အတွင်း လမ်းပိုင်းဖြတ်တောက်ထားသည်ဆိုသည့် နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

အဆိုပါ လမ်းပိုင်းသည် နမ္မတူ – မိုင်းဘော် – မိုင်းဝီး – နမ့်ခမ်းအထိ ဆက်သွယ်ထားပြီး ဒေသတွင်း ကျေးရွာပြည်သူလူထုများအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ကြောင်း၊ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်ကောင်စီ၏ တင်းကြပ်စွာ စစ်ဆေးနှောက်ယှက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုတော့ဘဲ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းသို့ သွားလိုသည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များ ဤလမ်းတွင် အသုံပြုလာကြောင်း TNLAက ထုတ်ပြန်သည်။

KIA သွားလာလှုပ်ရှားသည့် မိုင်းဘော်နယ်ထဲတွင် ယခင်ကတည်းကပင် သွားလာသည့် အရပ်သားပြည်သူများကို မလိုအပ်ဘဲ စစ်ဆေးမေးမြန်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်သည်။

လွန်ခဲ့သည့် ၂၀၁၆-၁၇ကပင် တအာင်းတပ်မတော်(TNLA)နှင့် RCSS တို့ကြား ထိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားချိန်တွင်လည်း RCSS တပ်ဖွဲ့မှ အဆိုပါလမ်းအား သွားလာ၍မရအောင် မြောင်းတူးထားခြင်း၊ ဆူးညောင့်များစိုက်ထားခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ဟန့်တားဖြတ်တောက်မှုများ ပြုလုပ်ခဲ့ဖူးသည်ဟုလည်း ဖော်ပြထားသည်။

TNLAသည် စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းမြောက်ရှိ RCSS တပ်များကို တိုက်ခိုက်ရာတွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး RCSS တပ်များ ရှမ်းမြောက်မှ ဆုတ်ခွာသွားသည်။

ထို့နောက် TNLAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ကိုးကန့် (MNDAA)၊ ရက္ခိုင်(AA) နှင့် မဟာမိတ်များ စုပေါင်းကာ ၁၀၂၇ စစ်ဆင်ရေးကို ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၈၀ ကျော်သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ မိုင်းလုံ မြို့ ၇မြို့ကို သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။ ထို့နောက် ၂၀၂၄ ဇန်နဝါရီ ၁၁ရက်တွင် တရုတ်၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့သည်။

ထိုသို့ သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါမြို့နယ်များရှိ အုပ်ချုပ်ရေးကို TNLAက ဖော်ဆောင်လျက်ရှိရာ ဒေသတွင်း ယခင်ကတည်းက ရှိပြီးဖြစ်သည့် မဟာမိတ်တပ်များဖြစ်သော KIA၊ SSPP တို့နှင့် ပြဿနာ အချို့ ဖြစ်ခဲ့သည်။ ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးကို TNLAက ဖယ်ခိုင်းခြင်း အပါအဝင် ရှမ်းမြောက်ရှိ KIA တပ်နှင့် TNLA အကြား ပြဿနာများ မကြာခဏ ရှိနေခဲ့သည်။

အဆိုပါ ပြဿနာများနှင့်ပတ်သက်ပြီး ၀တပ်ဖွဲ့ (UWSA) ဦးဆောင်ပြီး TNLAနှင့် KIA အပါအဝင် လက်နက်ကိုင် ၇ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ကို အပြန်အလှန် စာပို့ တိုင်ကြားမှုများ ရှိနေသည်ဟု ရှမ်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခုနှစ်မေလတွင် TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ ရှမ်းတပ် SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLAက သာလွန်အင်အားဖြင့် ဝိုင်းပြီး အဆိုပါ SSPP တပ်ဖွဲ့ဝင်များကို မူဆယ်သို့ ပို့ဆောင်ခဲ့သည့်ဖြစ်ရပ်ရှိခဲ့၍ မဟာမိတ်အချင်းချင်းကြား ပြဿနာ ထပ်မံဖြစ်ပေါ်ခဲ့သည်။

TNLA၏ လုပ်ရပ်သည် မဟာမိတ်ကျင့်ဝတ်မဲ့သည့် လုပ်ရပ်ဖြစ်သကဲ့သို့ ခွင့်လွတ်သည်းခံနိုင်စွမ်းထက် ဘောင်ကျော် ပြုမူပြောဆိုသည့် လုပ်ရပ်များဖြစ်၍ မလိုလားအပ်ဘဲ စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်ကြောင်း SSPPက ထုတ်ပြန်ကြေညာခဲ့သည်။

ယခု TNLAနှင့် ပြဿနာဖြစ်နေသည့် KIAနှင့် SSPP နှစ်ဖွဲ့လုံးသည် TNLA တပ်ဖွဲ့ ယခုကဲ့သို့ အားမကောင်းမီကာလက စစ်ရေး၊နိုင်ငံရေးအရ ပံ့ပိုးပေးခဲ့သည့် အဖွဲ့များလည်းဖြစ်သည်ကို TNLA၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

KIAနှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၁၁ရက် တစ်ရက်တာထိုးစစ်အတွင်း စစ်ကောင်စီတပ် စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများ စုစုပေါင်း တပ်စခန်း ၁၈ခုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

KIA သည် မေလ ၂၁ရက်က ဝိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁)တပ်စခန်းသိမ်းပြီးနောက် ယနေ့(ဇွန်လ ၁၁ရက်)တွင် စခန်းသိမ်းထိုးစစ်ဆင်မှု ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှုများရှိသကဲ့သို့ KIA အနေဖြင့်လည်း အခြားနေရာများ၌ ထိုးစစ်ဆင်မှုများ ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

KIAက စစ်ကောင်စီတပ်များအား တိုက်ခိုက်သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသ၊ မန်တုံမြို့နယ် နမ့်ဟိုင်းဒေသ၊ နမ္မတူမြို့နယ် မုံးမော်ဒေသတို့ကို ဦးစားပေး အနေဖြင့် အုပ်ချုပ်ရေး ဖော်ဆောင်မည်ဟု ဆိုသည်။