-People’s Spring
အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားလို ရှေ့နေရုံးက လျှောက်ထားလိုက်တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အသားပေး ဖော်ပြနေကြပါတယ်။

ရိုဟင်ဂျာတွေကို အဓမ္မမောင်းထုတ်ခြင်းနဲ့ ခွဲခြားဖိနှိပ်ခြင်းတို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ယူဆဖို့ ခိုင်လုံတာကြောင့် အခုလို ဖမ်းဝရမ်း လျှောက်ထားခဲ့တာဖြစ်ကြောင်း၊ မင်းအောင်လှိုင်ဟာ မြန်မာ အာဏာပိုင်တွေထဲမှာ အခုလိုမျိုး ဖမ်းဝရမ်း လျှောက်ထားခံရတဲ့ ပထမဆုံးသူ ဖြစ်လာပြီး အလားတူ နောက်ဆက်တွဲ လျှောက်ထားမှုတွေလည်း ရှိလာနိုင်တယ်လို့ ICC တရားလိုရှေ့နေ ကာရင်မ် အာဆက်ဒ် အာမက် ခန်းက နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

BBC သတင်းဌာနကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ICCရဲ့ ဖမ်းဝရမ်းနဲ့ ကြုံနေရပြီလို့ ရေးသားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့ ခေါင်းစဉ်မှာတော့ ICCရဲ့ တရားလို ရှေ့နေဟာ မြန်မာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ AP၊ AFP၊ Guardian၊ New York Times၊ Ruetersစတဲ့ မီဒီယာကြီးတွေမှာလည်း အလားတူ သတင်းတွေကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
Rueters၊ New York Times၊ Straits Timesစတဲ့ သတင်းဌာနတွေကတော့ ICCက ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေတဲ့ မင်းအောင်လှိုင်ဆိုတာ ဘယ်လို လူစားလဲ၊ ဘာတွေ ဆိုးသွမ်းသလဲ ဆိုတာကို နိုင်ငံတကာ စာဖတ်ပရိသတ်တွေ သိရှိနားလည်စေဖို့ ဆောင်းပါးတွေ ဖော်ပြခဲ့ကြပါတယ်။

Straits Timesရဲ့ ဆောင်းပါးမှာတော့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုရဲ့ အဓိက ပဲ့ကိုင်ရှင်အဖြစ် မင်းအောင်လှိုင်ကို ရည်ညွှန်းထားပြီး သူဦးဆောင်တဲ့ စစ်တပ်ရဲ့ နောက်ဆက်တွဲ ကြမ်းတမ်း ရက်စက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးတာ၊ ၃ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတာတွေကို ရေးသားထားခဲ့ပါတယ်။

ICCဟာ အင်အားကြီး နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုတို့ကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ခဲ့ဖူးတဲ့အတွက် အဲဒီ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ICC တရားလို ရှေ့နေရဲ့ ကြေညာချက်အပေါ် နိုင်ငံတကာ အာရုံစိုက်မှုတွေ ရှိလာခဲ့ပါတယ်။
ကိုးကား- Agencies
