သြဂုတ်-၇၊ ၂၀၂၅။ People’s Spring
၂၀၂၁ စစ်အာဏာသိမ်းမှုမှာ အဓိကပါဝင်ပတ်သက်သူ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေဟာ ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံမှာ သေဆုံးသွားပြီလို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပါတယ်။
NLD အရပ်သားအစိုးရလက်ထက်မှာဒုတိယသမ္မတ(၁)တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်ဆွေဟာ ဒီနေ့(သြဂုတ် ၇ရက်) မနက် ၈နာရီ ၂၈ မိနစ်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သေဆုံးချိန်မှာ ၇၄နှစ်အရွယ် ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ရောဂါ(Parkinson’s Disease)နဲ့ ဆက်စပ်အာရုံကြောအားနည်းရောဂါတွေ ခံစားနေခဲ့ရတာလို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သြဂုတ် ၅ရက်က ဦးမြင့်ဆွေဟာ လက်ရှိအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်တာကြောင့် အမှတ်(၂)တပ်မတော်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးပါတယ်။ အဲဒီလို ထုတ်ပြန်အပြီး ၁၂ နာရီ မပြည့်မီမှာပဲ ကွယ်လွန်သွားပြီလို့ စစ်တပ်အမာခံထောက်ခံသူတွေက မနေ့က ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဦးမြင့်ဆွေ မသေဆုံးသေးကြောင်း စစ်ကောင်စီထောက်ခံတဲ့သတင်းဌာနတစ်ခုကို ပြောဆိုခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ သူခန့်အပ်ထားတဲ့ ယာယီသမ္မတမြင့်ဆွေ သေဆုံးမှုကို အတည်ပြုခဲ့ပြီး မြင့်ဆွေရဲ့ စျာပနကိုနိုင်ငံတော်စျာပနအဖြစ်ကျင်းပမယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူအများစုကတော့ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေရဲ့သေဆုံးမှုကို တစ်ရက်ကြိုတင် ပျော်ရွှင်ခဲ့ကြပြီး လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို တပါတည်း ခေါ်ဆောင်မသွားလို့ စိတ်ကောင်းဖြစ်ရကြောင်း မှတ်ချက်ရေးသားနေကြပါတယ်။
စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအထိ ရာထူးရခဲ့သူ ဦးမြင့်ဆွေဟာ နဝတ/နအဖ စစ်အစိုးရလက်ထက် ရန်ကုန်စစ်ရုံးမှာ အချိန်အများစု ရှိနေခဲ့တာလို့ စစ်ဘက်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။ စစ်ဝတ်စုံနဲ့ရန်ကုန်တိုင်းမှူးဖြစ်ခဲ့သလို၂၀၁၁ အရပ်ဝတ်လဲတော့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဆက်ရှိခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး စစ်တပ်ကရွေးချယ်တဲ့ ဒုတိယသမ္မတလောင်းဖြစ်ခဲ့ပြီး NLD အစိုးရလက်ထက်မှာ ဒုတိယသမ္မတ(၁) တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီး ယာယီသမ္မတအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာ ၃ရပ်လွှဲပြောင်း ပေးခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂နှစ် ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းချိန်ကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်ကို ယူခဲ့ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် စတဲ့ရာထူးတွေကိုတစ်ယောက်တည်းရယူ၊ သူ့ကိုယ့်သူ ခန့်အပ်ခဲ့ပါတယ်။ လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမပြောင်း၊ မူမပြောင်းဘဲ အဖွဲ့နာမည်ပဲ ပြောင်းပြီး နိုင်ငံတော်အရေးပေါ်အခြေအနေကို ရုတ်သိမ်းထားပါတယ်။














































