သြဂုတ်-၇၊၂၀၂၅။မေရီ/People’s Spring
တောင်ပြုံးပွဲတော်မှာပွဲတော်လာပြည်သူတွေကို စစ်အုပ်စုကဝင်ကြေးအဖြစ်တစ်ယောက်တစ်ထောင်နှုန်း ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းက စတင်ကျင်းပနေတဲ့ တောင်ပြုံးပွဲတော်မှာ စစ်အုပ်စုက လူတစ်ဦး ကျပ်တစ်ထောင်နှုန်းနဲ့ ရွာအဝင်ကနေ ကောက်ခံနေတယ်လို့ပွဲတော်သွားခဲ့သူတွေက ပြောပါတယ်။
“ကားနဲ့လာလာဆိုင်ကယ်နဲ့လာလာတစ်ယောက်တစ်ထောင်ပဲ။ငါတို့ကားပေါ် ၅ ယောက်ပါတာငါးထောင်ပေးလိုက်ရတယ်”လို့ တောင်ပြုံးပွဲတော်က ပြန်လာတဲ့အမျိုးသမီးကြီးတစ်ဦးကပြောပါတယ်။

Public Service Announcement
ပိုက်ဆံမပေးလိုတဲ့သူတွေကတော့ တခြားကွင်းလမ်းတွေကနေတောင်ပြုံးပွဲတော်ကို သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကားနဲ့ မီနီအိုးဝေ သုံးဘီးယာဥ်တွေကိုလည်း ပွဲတော်ဝင်ကြေးအဖြစ် တစ်စီး ကျပ်ငါးထောင်ကောက်ခံနေတယ်လို့ သွားရောက်ခဲ့သူတွေက ပြောပါတယ်။
“ပွဲအစတုန်းကတစ်စီးသုံးထောင်။အခုငါးထောင်ဖြစ်သွားပြီ”လို့ကားသမားတစ်ဦးကပြောပါတယ်။
ကောက်ခံနေသူတွေဟာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်သားတွေက ကင်းစောင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာပဲ မတ္တရာနယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားက တောင်ပြုံးပွဲတော်ကို စစ်အုပ်စုက မရမက ကျင်းပနေတာဖြစ်ပါတယ်။ တောင်ပြုံးပွဲတော်ဟာ တပြည်လုံးက နတ်ကိုးကွယ်သူတွေ အများဆုံး လာရောက်လေ့ရှိကြတဲ့ပွဲတော်ဖြစ်ပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားက စစ်ကောင်စီက တောင်ပြုံးပွဲတော်ကို ကျင်းပခိုင်းတာဖြစ်ပါတယ် ။
