၅၅၉ရေးသားသည်။
တစ်ခုလောက်တွေးကြည့်ရအောင်ပါ။ တကယ်လို့ကိုယ့်မိုဘိုင်ဖုန်းထဲမှာAppတစ်ခုကိုအစိုးရက မဖြစ်မနေထည့်ခိုင်းမယ်။ ဒီAppကကိုယ်ဘယ်ကိုသွားတယ်၊ဘယ်သူနဲ့တွေ့တယ်၊ဘာတွေ ပြောဆိုကြတယ်ဆိုတာကို အစိုးရဆီကိုသတင်းပြန်ပို့နေတယ်ဆိုပါစို့။
ဘယ်လိုများခံစားရပါမလဲ။
ဒါဟာစိတ်ကူးယဉ်သိပ္ပံဝတ္ထုမဟုတ်ပါဘူး။တရုတ်နိုင်ငံရဲ့ရှင်ကျန်းပြည်နယ်မှာဝီဂါလူမျိုးမွတ်ဆလင်တွေနေ့စဉ်ကြုံတွေ့နေကြရတဲ့ဘဝဖြစ်ပါတယ်။ သူတို့ရဲ့မိုဘိုင်းဖုန်းတွေထဲမှာအဲဒီ App တွေကိုမဖြစ်မနေ ထည့်ထားကြရပါတယ်။

Public Service Announcement
ဒီAppတွေကို ကလေးထိန်းApp(Nanny App)လို့လည်းခေါ်ကြပါတယ်။ကလေးတစ်ယောက်ကို သူဘာစားတယ်ဘယ်ဆေးသောက်တယ်၊ဘယ်လိုဆော့ကစားတယ်ဆိုတာကိုစောင့်ကြည့်သလိုပါပဲ။ တရုတ်အစိုးရကတော့ဝီဂါတွေကိုစောင့်ရှောက်ဖို့စီစဉ်တာလို့ဆိုပါတယ်။၂၁ရာစုရဲ့အာဏာရှင်စနစ်ဟာပြီးခဲ့တဲ့၂၀ရာစုထက်အများကြီးပိုပြီးရက်စက်ကြမ်းကြုတ်သွားခဲ့ပါပြီ။
ကိုယ်နဲ့သိပ်ဝေးနေသေးတဲ့အလွမ်းဇါတ်လို့တော့မထင်လိုက်ပါနဲ့၊ အခုဖြစ်နေတာဟာဟိုဘက်အိမ်မှာဖြစ်ပြီးတော့ မြန်မာဟာအဲဒီစောင့်ကြည့်ရေးစနစ်တွေကိုတစ်စတစ်စနဲ့သွတ်သွင်းနေပါပြီ။ တရုတ်ကဒီနည်းပညာကိုကမ္ဘာတစ်ဝှမ်းကသူနဲ့အလွမ်းသင့်တဲ့အာဏာရှင်တွေဆီကိုဖြန့်ဖြူးပေးပါတယ်။
ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။လူ့အခွင့်အရေးချိုးဖေါက်တာဟာသူတစ်ဦးထဲမဟုတ်ဘူးဆိုတာကိုပြဖို့အတွက်အဖေါ်ရှာတာပါလို့ Autocracy Inc. စာအုပ်ကိုရေးတဲ့ပူလဇ်ဇာဆုရသတင်းစာဆရာမအန်း အပ်ပဲဘမ်ကမှတ်ချက်ချပါတယ်။
၂၁ရာစုမှာအာဏာရှင်တွေရဲ့ဝါဒဖြန့်ချိရေးက ၂၀ ရာစုနဲ့မတူတော့ပါဘူး။ ၂၀ရာစုတုန်းက အာဏာရှင်တွေဟာ သူတို့တိုင်းပြည်ဟာဘယ်လောက်ကြွယ်ဝချမ်းသာတယ်၊ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကို ပြည်သူတွေကိုလိမ်ညာကြပါတယ်။ အလုပ်မဖြစ်ခဲ့ပါဘူး။ဒါကိုဘယ်ပြည်သူမှာလည်းမယုံကြည်ဘူးဆိုတာကိုတဖြည်းဖြည်း သူတို့သိလာကြပါတယ်။
အခုနောက်ပိုင်းလုပ်လာတဲ့နည်းလမ်းကတော့ “ဟုတ်တယ်၊ဒို့တိုင်းပြည်ကခြစားတယ်၊ မွဲတယ်၊ ဒါပေမယ့်သူများတိုင်းပြည်တွေကငါတို့ထက်ပိုဆိုးတယ်၊ငါတို့ကမှတော်သေးတယ်” ဆိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်။
“ရက်စက်ယုတ်မာညံ့ဖျင်းတဲ့၂၁ရာစုကကြိုဆိုပါတယ်ခင်ဗျား”လို့ပြောရမှာပါ။ စိတ်မကောင်းဖြစ်သွားရင် ဝမ်းနည်းပါတယ်။
ရုရှအစိုးရပိုင်ရုပ်သံသတင်းဌာနတွေကိုသုတေသနလုပ်ကြည့်တဲ့အခါမှာဥရောပနိုင်ငံတွေနဲ့ပက်သက်တဲ့ မကောင်းသတင်းကိုတစ်နေ့မှာပျှမ်းမျှ၁၈ကြိမ်လွှင့်တာကိုတွေ့ရပါတယ်။ လုံးဝလိမ်ညာထားတဲ့ သတင်းတွေကိုအစုလိုက်အပြုံလိုက်မြင်ရမှာပါ။ ဥပမာ – ဥရောပကအစိုးတွေဟာ ကလေးတွေကိုခိုးပြီး လိင်တူဆက်ဆံတဲ့စုံတွဲတွေကိုမွေးစားဖို့ပေးနေတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။
ရုရှအစိုးရဟာ လိင်တူ စုံမက်မှုကိုကျင့်ဝတ်နဲ့မညီတဲ့လုပ်ရပ်အဖြစ်ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။နောက်ထပ်လိမ်ညာမှုတစ်ခုကတော့ရုရှဟာဘာသာရေးကိုးကွယ်တဲ့လူဖြူတွေရဲ့နိုင်ငံဖြစ်ပါတယ်ဆိုတဲ့ပူတင်ရဲ့အပြောပါ။တကယ်တော့ရုရှရဲ့ဘုရားရှိခိုးကျောင်းတက်တဲ့လူဦးရေရာခိုင်နှုန်းက အင်မတန်နည်းပါတယ်။တကယ်တော့ရုရှဟာလူမျိုးစုံနေကြတာဖြစ်ပြီးမွတ်ဆလင်လူဦးရေလည်း အတော်များပါတယ်။ ချေချင်ညာဒေသကိုကြည့်ရင်သိသာပါတယ်။ဒါပေမယ့်ဒီဝါဒဖြန့်ချိရေးကို အမေရိကန်ပြည်ထောင်စုကဘုမသိဘမသိလူဖြူအတော်များများယုံကြည်ကြပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်လည်းပါကောင်းပါနိုင်ပါတယ်။
၂၀၂၂ခုနှစ်မှာရုရှကယူကရိန်းကိုဝင်တိုက်တဲ့အခါ ရုရှအစိုးရပိုင်မီဒီယာတွေကဝါဒဖြန့်ချိတာတစ်ခု ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ယူကရိန်းမှာဓါတ်ခွဲခန်းတွေတည်ဆောက်ပြီးလင်းနို့တွေရဲ့ပိုးတွေကို မွေးဖွားပေးနေတယ်ဆိုတာပါပဲ။ မယုံမရှိပါနဲ့ ဒီလုပ်ကြံသတင်းကို အမေရိကန်က လက်ယာစွန်းတွေဖြစ်တဲ့ QAnon နဲ့WarClandestineလိုအဖွဲ့တွေက ပြန်ပြီးရှဲကြပါတယ်။ ဒါဟာဒေါ်နယ်ထရန့်လိုလူမျိုးနောက်တစ်ကြိမ်မဲနိုင်ဖို့ဖြစ်လာခဲ့တာပါ။
ရုရှနဲ့တရုတ်တို့ဟာဝါဒ ဖြန့်ချိရေးအတွက် ငွေပုံပြီးသုံးကြပါတယ်။စာဖတ်သူကအချိန်၁၀မိနစ် လောက်ရမယ်ဆိုရင် pressenza.com ဆိုတဲ့သတင်းဌာနတစ်ခုကိုဝင်ကြည့်စေချင်ပါတယ်။ လွတ်လပ်တဲ့သတင်းဌာနအမည်ခံပြီးရုရှအာဏာရှင်အတွက်ဝါဒဖြန့်ချိတာကိုတွေ့ရမှာပါ။ RRN – Reliable Recent Newsဆိုတာလည်းရှိပါတယ်။
တစ်ခါတစ်လေမှာအာဏာရှင်စနစ်အောက်မှာဝါဒဖြန့်ချိရေးဟာစည်းရုံးမှုမဟုတ်ပါဘူး။ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ အာဏာရှင်ဟာသူ့စည်းကမ်းကိုမလိုက်နာရင်ဘယ်လိုဆုံးမမယ်ဆိုတာကို သွယ်ဝိုက်တဲ့ နည်းနဲ့ပြောတာပါ။ရုရှ၊တရုတ်နဲ့ မြန်မာလိုနိုင်ငံမျိုးမှာမကြာခဏတွေ့ရပါတယ်။
“စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ”ဆိုတဲ့စာလုံးဟာသူတို့ပါးစပ်ဖျားကမချကြပါဘူး။ ဒီစကားလုံးကို ကြားရင်တော့လူတွေကိုသောင်းနဲ့ချီပြီးထောင်ထဲဖမ်းထည့်တော့မယ်ဆိုတာကိုမှန်းလို့ရနေပါပြီ။ အာဏာရှင်တွေညီတူညာတူပြောတဲ့နောက်စကား
လုံးတစ်ခုကတော့ “အချုပ်အချာအာဏာ” ဖြစ်ပါ တယ်။ ပြောတာများလွန်းတဲ့အတွက်စကားလုံးရဲ့အဓိပ္ပါယ်ကိုအခုစာရေးသူတောင် သိပ်နားမလည် တော့ပါဘူး။ နားလည်တာကတော့”အချုပ်အချာအာဏာ”လို့ပြောရင် “ငါထင်ရာလုပ်မယ်၊ဝင်မရှုပ်နဲ့” ဆိုတာပဲဖြစ်ပါတယ်။
ပူတင်အတွက်တော့”အချုပ်အချာအာဏာ”ဆိုတာဟာကိုယ့်နိုင်ငံသားကိုနှိပ်စက်ပြီးသူများနိုင်ငံကို ကျူးကျော်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။၂၀၁၇ခုနှစ်မှာပူတင်ကပြောခဲ့ဖူးပါတယ်။ “တချို့နိုင်ငံတွေမှာအချုပ်အချာအာဏာမရှိဘူး”လို့ဆိုပါတယ်။ ဆိုလိုချင်တာကတော့အဲဒီနိုင်ငံတွေကို သူဝင်သိမ်းခွင့်ရှိတယ်လို့ပြောခဲ့တာပါပဲ။ သူ့စစ်တပ်အသုံးမကျတာကိုသူမသိတာကတော့တစ်ပိုင်းပါ။
တရုတ်အတွက်တော့ အချုပ်အချာအာဏာ”ဆိုတာဟာ ဝီဂါလူမျိုးတွေရဲ့ဖုန်းထဲကို ကလေးထိန်း Appထည့်ပြီးလူတွေကို Campတွေထဲမှာထည့်ထားတာပါ။ မြန်မာအတွက်တော့”အချုပ်အချာအာဏာ” ဆိုတာဟာကိုယ့်ပြည်သူကိုကိုယ်ပြန်ဗုံးကြဲတာပါပဲ။
တရုတ်ကွန်မြူနစ်ပါတီက United Frontဆိုတဲ့ကွန်ယက်ကို ၁၉၂၀ကျော်တော်လှန်ရေး ကာလ ကတည်းကထူထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကွန်မြူနစ်ပါတီနဲ့မဟာမိတ်တွေကိုချဲ့ထွင်ဖို့ပါ။
အခုအချိန်မှာတော့United Front ဟာတရုတ်နိုင်ငံပြင်ပကတရုတ်လူမျိုးတွေနဲ့သူတို့နဲ့နီးစပ်တဲ့လူတွေကိုစည်းရုံးဖို့အတွက် တရုတ်စာသင်ကျောင်းတွေ၊ ကွန်ဖြူးရှပ်အတွေးအခေါ်ကျောင်းတွေကို နိုင်ငံတကာမှာဖွင့်လှစ်နေတာပါ။ Soft Power ပဲဆိုကြပါစို့။အဓိကကတော့တရုတ်ပုံစံအာဏာရှင်စနစ်(စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီစနစ်)ဟာ နိုင်ငံတကာ အတွက်အကောင်းဆုံးပုံစံဆိုတာကိုဝါဒဖြန့်ချင်တာပါပဲ။ လစ်ဘရယ်အတွေးအခေါ်ကို တိုက်ဖျက် ချင်တာပါ။
အခုတော့တရုတ်ရဲ့တွန်းအားနဲ့ရွေးကောက်ပွဲကြီးလာတော့မှာပါ။စောင့်ကြည့်ကြပါ။ တစ်နေ့မှာကလေးထိန်းAppနဲ့နေရတဲ့ဘဝကိုတော့ကျွန်တော်တို့အရောက်ခံလို့မရပါဘူး။
မြန်မာဟာပထဝီနိုင်ငံရေးအရအရေးပါတဲ့နေရာကိုရောက်လာပါတယ်။ တရုတ်၊ရုရှ၊ဘယ်လာရုစ်လို နိုင်ငံတွေရဲ့စွက်ဖက်မှုကိုခံနေရတဲ့အတွက်ဒီနိုင်ငံတွေအကြောင်းကိုမျက်ခြေမပြတ်ဖို့အရေးကြီးလှ ပါတယ်။ ။
