ဩဂုတ် ၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ-မလွဲတောင် လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ခရီးသွားပြည်သူများကို အသိပေးခဲ့ပြီး ဩဂုတ် ၁၅ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ဟု ပြောသည်။
စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအကာအကွယ်ယူပြီး စစ်ရေးဖော်ဆောင်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် အဆိုပါလမ်းပိုင်း တိုက်ပွဲပြင်းထန်နေမှုကို အသိပေးကာ ခရီးသွားပြည်သူများ နားစွန့်ပြီး ဂရုစိုက်သွားလာကြရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ဆိုသည်။
ရေဖြူမြို့နယ် ၊ကော့လှိုင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် အင်အား (၁၅၀)ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဩဂုတ် ၁၅ရက် ညနေတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
တိုက်ပွဲ ၂နာရီ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ ၃ဦး အပါအဝင် ၁၇ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က ၅ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ဆင်ရေးမှူးက ပြောသည်။
“ရန်သူကတော့ စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးတာပေါ့။အခုကတော့ ပြန်ဆုတ်သွားပြီ”ဟုစစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။
မဟာမိတ်တပ်ပေါင်းစုများအနေဖြင့် ရည်မှန်းချက်အတိုင်းဆက်လက် ဆောင်ရွက်မည်ဖြစ်၍ တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း ရဲဘော်စောဒါးကိုက အသိပေးပြီး အမှတ်(၈) ပြည်ထောင်စုလမ်းအသုံးပြုနေသည့် ခရီးသွားပြည်သူများ ဘေးရန်ကင်းစေရန် ဆုတောင်းပေးခဲ့သည်။
“အစကတည်းက ၂၀၂၅မှာ ဘယ်လိုတိုက်ခိုက်မယ် ဘယ်လို သွားမယ်၊ ဘယ်လို အထိ ကျနော်တို့စိုးမိုးထိန်းချုပ်မယ်ဆိုတာ ကျနော်တို့မှာရှိပြီးသား” ဟု ရဲဘော်စောဒါးကိုက တော်လှန်ရေး ပူးပေါင်းတပ်များ၏ ရည်မှန်းချက်ကို ပြောပြသည်။
စစ်ကောင်စီတပ်သည် မြန်မာ-ထိုင်းနယ်စပ် နတ်အိမ်တော်စခန်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေ၍ မွန်၊ ကရင်၊ PDF တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ ယခုဩဂုတ်အတွင်း ရေဖြူမြို့နယ် ကော့လှိုင်းရွာ ဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
သြဂုတ် ၁၅ ရက်တိုက်ပွဲတွင် ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ ရာမညမွန်တပ်တော် (RMA)ရေဖြူဒေသတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ရေးဘီလူးတပ်ရင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ပါဝင်သည်။
