Scorpio/People’s Spring
မြူတွေဆိုင်းပြီး မိုးစက်တွေလည်း စွတ်စိုနေတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ရပ်ကွက်လေးတစ်ခုကို ကင်မရာမြင်ကွင်းတခုမှ စတွေရတယ်။ ကင်မရာမြင်ကွင်းထဲမှာ ဖွာလန်ကြဲနေတဲ့ လူနေအိမ်တွေကို မြင်ရတယ်။ သွပ်မိုးတွေဟာ ပေါက်ပြဲ လွင့်စင်နေတယ်။ နေအိမ်က တိုင်တွေတန်းတွေဆိုရင် တချောင်းချင်းစီ လွင့်စင်နေတယ်။
နေအိမ်တွေထဲက အိမ်သုံးပစ္စည်းတွေဆိုရင်လည်း ရစရာမရှိအောင် ပြန့်ကျဲနေတယ်။ အဲဒီမြင်ကွင်းတွေကို ရိုက်ယူနေတဲ့သူဟာ စိတ်လှုပ်ရှားတာကြောင့်ထင်တယ်။ မမှန်တဲ့ သူ့ အသက်ရှုသံတွေဟာ အတိုင်းသား ကြားနေရတယ်။
အဲဒီမြင်ကွင်းကတော့ မနေ့က သြဂုတ် ၁၄ ရက် ည ၈ နာရီခွဲလောက်က မိုးကုတ်မြို့အရှေ့ပိုင်း၊ရွှေကူရပ်ကွက်မှာရှိတဲ့လင်းရောင်ခြည်ဘုန်းကြီးကျောင်းနဲ့လူနေအိမ်တွေကိုဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားခဲ့တဲ့နေရာတွေပါ။

Public Service Announcement
စစ်ကောင်စီလေကြောင်းကနေ မတိုက်ခိုက်ခင်ညဦးပိုင်းက အဲဒီရပ်ကွက်လေးထဲက နေအိမ်တအိမ်ပေါ်မှာ နေ့စေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ မီးဖွားမယ့်အချိန် နီးကပ်လာခဲ့တယ်။ ကိုယ်ဝန်သည်ကို ရပ်ရွာဓလေ့အတိုင်း ဘေးအိမ်တွေက မိန်းမဖော်တွေ သတင်းလာမေးကြတယ်။ အားပေးကြတယ်။လိုတာဝိုင်းကူကြတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အတွက် အသက်နဲ့အမျှ အရေးကြီးလှတဲ့ မီးဖွားမယ့်အချိန်ကို လာရောက် စောင့်ရှောက်ကြတာပါ။
နောက်ပြီး လေကြောင်းမကြာခဏ တိုက်ခိုက်ခံနေရတဲ့ မိုးကုတ်မြို့သူမြို့သားတွေဟာ လေယာဥ်သံကြားတာနဲ့ ခြေတွေလက်တွေတုန်၊ ရင်တွေပါ တုန်ကြရတယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေကြားထဲ မီးဖွားရမယ့် ကိုယ်ဝန်ဆောင်သည်တစ်ယောက်အတွက် ပိုလို့တောင် အားငယ်မယ့်အချိန်မို့ လာကူကြဝိုင်းကြတာပါ။
ဖြစ်ချင်တော့ ကိုယ်ဝန်သည်လေးဟာ မီးဖွားဖို့ရာ အခက်အခဲရှိနေခဲ့တယ်။ ဒါနဲ့ ဆရာဝန်သွားခေါ်ဖို့ ပြင်ကြတယ်။ အဲဒီအချိန်မှာပဲ ခေါင်းပေါ်မှာ အုန်းဒိုင်းကြဲသွားပါတော့တယ်။ အမျိုးသမီးကြီးတဦးဆို ဦးခေါင်းပြတ်သွားခဲ့တယ်။
“ပေါင် ၂၅၀ နှစ်လုံးကြဲသွားတယ်။လင်းရောင်ခြည်ဘုန်းကြီးကျောင်းထဲတလုံးကျတယ်။ မီးဖွားတဲ့အိမ်မှာ တလုံးကျတယ် အဲ့မှာရှိတဲ့သူတွေ မီးဖွားလို့ သတင်းလာမေးတဲ့သူတွေ အကုန်သေဆုံးကြရတယ်။”လို့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။
ဘုန်းကြီးကျောင်းထဲကျတဲ့ တလုံးကြောင့်လည်း ကိုရင်လေးတွေပါ သေဆုံးခဲ့တယ်လို့ သိရတယ်။
ညတွင်းချင်း အလောင်းတွေ ဖော်ကြတော့ ၉ ယောက်တွေ့တယ်။ မီးမရှိကြတာနဲ့ ရှာတာကို ရပ်လိုက်ရတယ်။ ဒီမနက် လင်းလင်းချင်း ထပ်ဖော်တော့ အလောင်း ၁၀ လောင်းထပ်တွေ့ပြန်တယ်။ အမျိုးသမီးတစ်ဦးအလောင်းဆို နေအိမ်ခေါင်မိုးပေါ်တင်နေခဲ့တယ်။
ညက ၅ ယောက်ဒဏ်ရာရတဲ့အထဲမှာ ဒီမနက် ၂ ဦးထပ်မံ သေဆုံးသွားတယ်။ စုစုပေါင်း ဒေသခံချည်း ၂၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေထဲ ကလေး လေးဦးထက်မနည်း ပါဝင်တာကိုလည်း ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
သေဆုံးသူတွေထဲမှာ ကိုယ်ဝန်သည်အပါအဝင်အမျိုးသမီးတွေချည့် ၁၆ ဦးပါ။ အမျိုးသားက ၅ ယောက်ပါပါတယ်။မိသားစု ၅ စုကလို့ သိရတယ်။ ဒါတောင် လူ့လောကထဲ ထွက်ခွင့်မရလိုက်တဲ့၊ သားသားလားမီးမီးလား မသိရသေးတဲ့ ဗိုက်ထဲက ရင်သွေးလေး မပါသေးပါဘူး။
ဒီဖြစ်စဉ်မတိုင်မီ ဩဂုတ် ၉ ရက်နေ့ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရသလို ပြည်သူ လေးဦး ကျဆုံး၊ သုံးဦးဒဏ်ရာရခဲ့ပါသေးတယ်။ ဇွန်လနဲ့ ဇူလိုင်လ လေကြောင်းတိုက်ခိုက်မှုတွေမှာလည်း ပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၅ ဇူလိုင်လကုန်အထိ စစ်အုပ်စုက နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃,၁၉၁ ကြိမ်ကျူးလွန်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၄၀၅ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကထုတ်ပြန်ထားပါတယ် ။သေဆုံးသူတွေထဲမှာအသက် (၁၈) နှစ်အောက်ကလေးသူငယ် ၅၀၁ ဦးတောင်ပါဝင်တယ်လို့ဖော်ပြထားပါတယ် ။ စစ်အုပ်စုက တစ်ဖက်မှာရွေးကောက်ပွဲလုပ်မယ်ပြောလိုက် ၊ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမယ်ပြောလိုက်လုပ်နေပေမယ့် မြေပြင်မှာတော့ နေ့စဥ်နီးပါး ဗုံးကြဲပြီး ပြည်သူတွေကိုသတ်ဖြတ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုဗုံးကြဲတဲ့အထဲမှာ သြဂုတ် ၁၄ရက်ညကဗုံးကြဲခံရတဲ့လင်းရောင်ခြည်ဘုန်းကြီးကျောင်းလို ဘာသာရေးအဆောက်အအုံ ၅၀၀ ခန့်တောင်ပါဝင်နေပါတယ်။ စာသင်ကျောင်း ၂၇၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၀၆ကိုလည်းစစ်တပ်ကဗုံးကြဲဖျက်ဆီးခဲ့တာဖြစ်ပါတယ် ။
မိုးကုတ်က ပြည်သူတွေဟာ မိုးစက်တွေနဲ့အပြိုင် မျက်ရည်ကျရပြန်တယ်။ မြို့ကလေးက ကျဥ်းတော့ သေဆုံးသူတွေဟာ ကိုယ့်အသိ ကိုယ့်မိတ်ဆွေတွေချည့်မို့ ပိုရင်နာရတယ်။
သေဆုံးတဲ့သူတွေထဲ မိုးကုတ်မှာ ဆိုင်ကယ်လေးနဲ့ ဟင်းရွက်စုံတွေ အော်ပြီးလိုက်ရောင်းတတ်တဲ့ မချိုဝင်းဆိုတဲ့ အမျိုးသမီးလည်း ပါသွားသတဲ့။ သူတင်မက မိသားစုလိုက်ပါသွားသတဲ့။ အဲဒီသတင်းတွေကြားတော့ မနက်တိုင်း သူ့ဆီက စျေးဝယ်နေကျ ဖောက်သည်တွေ စိတ်ထိခိုက်ရတယ်။ တခြားပါသွားတဲ့သူတွေရဲ့ မိတ်ဆွေလည်း စိတ်ထိခိုက်ကြမှာပဲ။ နာကျင်ကြမှာပဲ။
ဗုံးအားပြင်းထန်လှတာကြောင့် ရုပ်အလောင်းတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစစီ လွင့်စင်သွားခဲ့တယ်။ ဒါပေမဲ့ နယ်ခံတွေသာ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေ ရနိုင်သမျှ ကြိုးစားကောက်ခဲ့ကြတယ်။ “ကျမတို့မှာလေ အကုန်လုံးမရတောင် ရနိုင်သလောက်လေး ကောက်ပြီး သင်္ဂြိုလ်ခဲ့ရတာ”လို့ အရင်က လေကြောင်းတိုက်
ခိုက်မှုတခုမှာ မိသားဝင်ဆုံးရှုံးခဲ့ဖူးတဲ့ အမျိုးသမီးတဦးက ပြောလိုက်ပါတယ်။ ။
