သြဂုတ် – ၂၅ ၊၂၀၂၅ ၊နိုင်ပကောင်း /People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ မြန်မာ – ထိုင်း အမှတ် (၂ ) ချစ်ကြည်ရေးတံတားဝင်းထဲမှာ စစ်ကောင်စီတပ်အင်အား ၃၀၀ ဝန်းကျင် မနေ့ သြဂုတ်လ ၂၄ ရက်ညပိုင်းကစတင်ရောက်ရှိနေရာယူ တပ်စွဲထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြဝတီမြို့အခြေစိုက်အမှတ် (၂၇၅) ခြေလျင်တပ်ရင်းက တပ်ဖွဲ့ ဝင်တွေ တပ်စွဲတာပါ။
မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာအဓိကကျတဲ့အမှတ် (၂) ချစ်ကြည် ရေးတံတားကို စစ်ကောင်စီက သြဂုတ်လ ၁၈ ရက်မှာ ရုတ်တရက် ပိတ်ချလိုက်ပြီးနောက် ရက်သတ္တပတ်အကြာမှာအခုလို အင်အားအလုံးအရင်းနဲ့ မြန်မာဘက်ခြမ်းတံတားဘက်မှာ တပ်စွဲလိုက်တာလည်းဖြစ်ပါတယ်။

Public Service Announcement
အခုလို တပ်စွဲတဲ့ ခလရ ၂၇၅ ဟာဆိုရင် ထိုင်း -မြန်မာနယ်စပ်တလျှောက်က စစ်တပ်စခန်းတွေကို KNU က တိုက်ခိုက်ချိန်မှာ စခန်းစွန့်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားရောက်စုဝေးရာ တပ်စခန်းလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်ထဲက နယ်စပ်စခန်းတွေ တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သောင်ရင်းမြစ်ကို ကူးပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးကြတာပါ။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းအာဏာပိုင်တွေကို စစ်ကောင်စီ ပြန်လွှဲပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့် ခလရ ၂၇၅ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ရာချီရှိနေပြီး အဲဒီအထဲက အင်အား ၃၀၀ ခန့်က အမှတ် (၂) တံတားဆီမှာ သွားရောက်တပ်စွဲနေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးပါတယ်။
“အထဲဝင်းထဲမှာနေတယ် ၊ ကုန်သိုလှောင်ရုံဂိတ်အထဲမှာနေတယ်၊ အထဲအဆောင်ရှိတယ် ၊ အဲ့ဒီထဲမှာနေတာ၊ သွားချောင်းရင်တွေ့ရမှာမဟုတ်ဘူး အကာတွေရှိတယ်”လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီတပ်အင်အားအများအပြား အခုလို တပ်စွဲလိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်ကြတဲ့တံတားအနီး က ဒေသခံအချို့ကတော့ ကြိုတင်ရွေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နှစ် ဧပြီလအတွင်း မြဝတီမြို့သိမ်းတိုက်ပွဲကို KNU နဲ့ ပူးပေါင်းတပ်က ဆင်နွှဲရာမှာ မြို့စောင့်တပ် ခလရ ၂၇၅ ကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ကတော့ အမှတ် (၂) တံတားဆီ ဆုတ်ခွာထွက်ပြေးပြီး အဲဒီမှာ ခံစစ်ပြင်ခဲ့တာပါ။
ဒါပေမယ့် KNU နဲ့ ပူးပေါင်းတပ်က မြဝတီမြို့ကနေ ပြန်ဆုတ်ပေးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ BGF အကူအညီနဲ့ ခလရ ၂၇၅ ကို ပြန်ရယူခဲ့ပါတယ်။
လက်ရှိမှာဆိုရင်မြဝတီမြို့ဆီ ဦးတည်နေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းဟာ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ထိန်းချုပ်ဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေပါတယ်။
