နိုင်ငံတစ်ဝန်း အင်အားအများအပြားနဲ့ စစ်တပ်ရဲ့ထိုးစစ်ဟာအလုပ်ဖြစ်လား ၊ တန်ပြန်ဘယ်လို အန္တရာယ်တွေရှိလဲ ဆိုတာဒီတစ်ပါတ်ဆွေးနွေးပါမယ်။
ဇူလိုင်လကုန် နဲ့ သြဂုတ်လဆန်းမှာ အာဏာသိမ်းစစ်အုပ်စုဟာ ဆုံးရှုံးထားတဲ့ ဒေသတွေနဲ့ မစိုးမိုးနိုင်တော့တဲ့ဒေသတွေကို ပြန်လည် ထိန်းချုပ်စိုးမိုးနိုင်ဖို့ နိုင်ငံတစ်ဝန်း စစ်ကြောင်းတွေအများကြီးထိုးခဲ့ပါတယ် ။ တချိန်တည်းမှာ နေရာအများကြီးကို အခုလို စစ်ကြောင်းတွေထိုးတာ ၊ထိုးစစ်ဆင်တာဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်အားအများဆုံးနဲ့ ပြုလုပ်တာဖြစ်ပါတယ် ။
အဲဒီလို စစ်ကြောင်းတွေထိုးလို့ အောင်မြင်လား ၊အလုပ်ဖြစ်လားဆိုရင် လတ်တလောရလဒ်တွေအရ ဒေသအချို့မှာ အလုပ်ဖြစ်ပေမယ့် ဒေသအများစုမှာ အလုပ်ဖြစ်တာမတွေ့ရပါဘူး ။

Public Service Announcement
“နောင်ချို စစ်ဆင်ရေးနဲ့ ဗန်မော် တန်ပြန်တိုက်စစ်။ နောင်ချိုမှာ အလုပ်ဖြစ်ပေမဲ့ ဗန်မော် မှာ ကျရှုံးမှုတွေ ကြုံနေရတယ်။ တော်လှန်ရေးတပ်များရဲ့ စုဖွဲ့မှု၊ တိုက်စွမ်းရည်နဲ လက်နက်ခဲယမ်းအင်အားများ အပေါ်မူတည်နေတယ်လို့မြင်ပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တဦးကသုံးသပ်ပါတယ် ။
●စစ်တပ်ရဲ့ကချင်ပြည်နယ်ထိုးစစ်
အာဏာသိမ်းစစ်ကောင်စီဟာ တပ်စခန်းရာချီ၊ မြို့ ၁၅ မြို့လောက်နဲ့ နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ကချင်ပြည်နယ်ကို စစ်အင်အားတွေဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့ပါတယ်။အထူးသဖြင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကဒေသအများစုထိန်းချုပ်ထားနိုင်တဲ့ ဖားကန့်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေကို စစ်ကူတွေပို့ ၊လေကြောင်း၊ ဒရုန်း ပစ်ကူသုံးပြီး ထိုးစစ်ဆင်ခဲ့တာပါ။
တန်ပြန်ထိုးစစ်မှာပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ရဲ့ အင်အားကို စစ်တပ်ကအဓိက အသုံးပြုခဲ့တာကိုလည်းတွေ့ရပါတယ်။ စစ်ကောင်စီဟာ နောင်ချို၊မိုးဗြဲအပါအဝင် ဒီနှစ်နွေလယ်ကာလကစတင်ခဲ့တဲ့ နိုင်ငံတဝန်းထိုးစစ်တွေမှာ နည်းမျိုးစုံနဲ့အဓမ္မ စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့ အားကိုအသုံးပြုထိုးစစ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။
ရှမ်းနီ၊ လီဆူ၊ဝါရာဇွပ် ပြည်သူ့စစ်အင်အားတွေနဲ့ပူးပေါင်းထားတဲ့စစ်တပ်ဟာ ဧပြီ လလယ်လောက်ကစပြီး ဖားကန့်လမ်းတလျှောက် လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးခဲ့ရာ တလကျော်အကြာမှာ ဖားကန့်မြို့ကို စစ်ကြောင်းဝင်ရောက်နိုင်ခဲ့ပြီး မြို့နဲ့အနီးတဝိုက်မှာ KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ဖားကန့်မှော်ဒေသနေရာအချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေရာယူနိုင်ခဲ့ပေမယ့် တိုက်ပွဲတွေက ရပ်မသွားဘဲ နေ့စဉ်နီးပါးဆက်ရှိနေတာကြောင့် စစ်ကောင်စီတပ်ကအပြီးသတ်ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ခဲ့ပါဘူး။
ဖားကန့်ကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ်ဘက်မှာလည်းတခါတရံ ထိုးစစ်ဆင်တာ၊ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်တာတွေ လုပ်ခဲ့ပေမယ့်တိုက်ပွဲကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဝိုင်းမော်မှာ ပြည်သူ့စစ်အင်အားထောင်နဲ့ချီစုစည်းနေပြီး KIA သိမ်းထားတဲ့ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့ အရင်က စစ်ကောင်စီရဲ့ ကချင်အထူးဒေသ(၁)နယ်မြေကို ပြန်ရဖို့ ကြိုးပမ်းလာနိုင်တာမို့တိုက်ပွဲတွေ ဖြစ်လာနိုင်ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒါ့အပြင် KIAက မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတဲ့ ဗန်းမော်မြို့ တိုက်ပွဲမှာလည်း စစ်ကောင်စီဟာ လေကြောင်းကနေ အပြင်းအထန်ခုခံ တောင့်ခံထားပြီး စစ်သင်္ဘောတွေနဲ့ စစ်လက်နက်ခဲယမ်းအင်အားနဲ့ရိက္ခာတွေ ပို့ဖို့ကြိုးပမ်းခဲ့ပါတယ်။
လေကြောင်းက စစ်ကူတွေချပေးတဲ့အချိန်မှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ် ၂စီး ပျက်စီးဆုံးရှုံးခဲ့တဲ့ စစ်တပ်ဟာ ဇူလိုင်လမှာတော့ ဧရာဝတီမြစ်ကို အသုံးပြုပြီးရေကြောင်းက စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဩဂုတ် ၁ရက်မှာ စစ်သင်္ဘော ၁၁ စီးလောက် ဗန်းမော်ကို ဆိုက်ကပ်နိုင်ခဲ့ပေမယ့် ရွှေကူ-ဗန်းမော်အကြားမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ၆ စီးပျက်စီးခဲ့ပါတယ်။
ဩဂုတ်လဆန်းက စပြီး ဗန်းမော်မှာ စစ်ကောင်စီက ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး မြေပြင်က ထိုးစစ် ပြန်လည်ပြုလုပ်ခဲ့တာကြောင့် တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် KIA သိမ်းပိုက်ထားတဲ့ အမြောက်တပ်ရင်း(၃၆၆)နဲ့ လေယာဉ်ကွင်းရဲ့ နေရာအချို့ စစ်ကောင်စီတပ်က နေရာ ပြန်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကဝါဒဖြန့်ပါတယ် ။ဒါပေမယ့် KIA နဲ့ ပူးပေါင်းတပ်က စစ်ရှိန်မြှင့်လိုက်တဲ့အခါ ဗန်းမော်ဘက်မှာရော ၊အင်းတော်ဘက်မှာရောလက်လွှတ်ခဲ့ရတဲ့နေရာတွေကို ပြန်ထိန်းနိုင်ခဲ့တယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ်။
ဗန်းမော်မှာ စစ်တပ်ရဲ့လက်နက်ခဲယမ်းရိက္ခာတွေမဖြန့်ဝေနိုင်အောင် စစ်ကြောင်းတွေကို KIA နဲ့ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့သလို ဖားကန့်မှာလည်း တန်ပြန်ထိုးစစ်တွေ လုပ်လာနိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။
စစ်ကောင်စီဟာ တရုတ်နဲ့ရုရှားဆီက ဒရုန်း၊ ခေတ်မီလက်နက်ခဲယမ်း အကူအညီရရှိနေတာ၊ နိုင်ငံတဝန်း ပြည်သူတွေကို နည်းပေါင်းစုနဲ့ စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်တွေမှာ အသေခံတိုက်ပွဲဝင်ခိုင်းနေတာစတာတွေကြောင့် နေရာဒေသအချို့မှာစစ်ရေး အသာရခဲ့တာလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
၂၀၂၄ တုန်းက စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ မြို့ရွာ၊နယ်မြေတွေနဲ့ နှိုးယှဉ်ရင် ကချင်ပြည်နယ် သာမက နိုင်ငံတဝန်းလုံးမှာပါ စစ်ကောင်စီ ပြန်ရခဲ့ ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့အရေအတွက်ဟာ ရာနှုန်းအရ အတော်နည်းပါးတဲ့ အခြေအနေလည်းဖြစ်ပါတယ်။ဒါပေမဲ့ စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုကို လျှော့မတွက်ဘဲ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး စစ်ကောင်စီကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ လိုအပ်ကြောင်းလည်း လေ့လာသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ထောက်ပြတာတွေရှိပါတယ်။
တအာင်း၊ ကချင် အပါအဝင်နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ရင်ဆိုင်တုန့်ပြန်ဖို့ဆိုတာ သက်ဆိုင်ရာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့သာ သက်ဆိုင်တာမဟုတ်ကြောင်း ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူက ပြောပါတယ်။
“နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအားလုံးနဲ့ ဆိုင်တာမို့ ကိုယ့်တပ်ဖွဲ့နဲ့ အနီးဆုံး စကစကို တက်ညီလက်ညီထိုးစစ်ဆင်သင့်ပြီ” လို့ ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။
●ရခိုင် နဲ့ တိုင်းသုံးတိုင်းအစပ် တိုက်ပွဲတွေ
ရက္ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်(AA) ကစစ်ရှိန်လျှော့လိုက်ချိန်မှာ AA သိမ်းယူထားတဲ့ စခန်းတွေကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို AAက သြဂုတ်လဆန်းမှာ အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းလိုက်ပြုတ်အောင်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
ဇွန်လမတိုင်မီက တိုက်ပွဲတွေမှာ AA သိမ်းယူခဲ့တဲ့ လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ သပြုတောင်၊ ပြင်ရှည်ရွာနဲ့ စည်မော်ရွာဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ် ။ အဲဒီတိုက်ပွဲတွေမှာ စစ်တပ်အထိနာပြီး ဖရိုဖရဲဖြစ်ကာ တပ်ပျက်နေကြောင်း AAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သြဂုတ်လဆန်းမှာ AA ရှိတဲ့နေရာတွေကို စစ်တပ်က ထိုးဆင်စစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း စစ်တပ်စစ်ကြောင်း တပ်လန်ကျကာ သေဆုံးတာတွေ များနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“သြဂုတ်လ ၁၀ ရက်နောက်ပိုင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေတာ ၁၀၀ကျော်ပြီလို့ သတင်းရတယ်”လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
AAဟာ ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ် သိမ်းပြီးနောက်မှာ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီကစတင်ကာ အရှိန်မြှင့်ခဲ့ပါတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းတွေကို သိမ်းယူနိုင်တဲ့အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြီးကြောင့် အပစ်ရပ်ထားခဲ့သလို စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့ပါတယ်။
AA က အဲဒီလိုထိုးစစ်အရှိန်လျှော့ထားတဲ့ကာလမှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့်ခဲ့ပါတယ်။ဒါ့အပြင်AAရှိတဲ့နေရာတွေကို လေကြောင်းအပြင် လက်နက်ကြီးတွေ၊ ဒရုန်းတွေသုံးကာ တိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေလည်း စစ်ကြောင်းထိုးခဲ့ပါတယ်။
စစ်တပ်က အဲဒီလိုထိုးစစ်အရှိန်မြှင့်လာပြီး AA သိမ်းထားတဲ့ ဒေသအချို့ကို ပြန်သိမ်းဖို့ကြိုးလာတာကြောင်း AAကလည်း စစ်ရှိန်ပြန်မြှင့်လာပါတယ် ။ဒါကြောင့် ရှေ့ကာလမှာ တိုက်ပွဲ ပိုမိုပြင်းထန်လာဖို့ ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
AA က စစ်ရေးသတင်းထုတ်ပြန်တာတွေကိုကာလအတန်ကြာမထုတ်ပြန်ခဲ့ပဲနေရာမှ ဩဂုတ် ၁၆ရက် မှာ တစ်နှစ်နဲ့ ကိုးလ ကြာတဲ့တိုင် မသိမ်းပိုက်ရသေးတဲ့မြို့တွေနဲ့ ရင်ဆိုင်ထားတဲ့ဒေသတွေမှာတိုက်ပွဲတွေ မနားတန်းဖြစ်နေတယ်လို့ထုတ်ပြန်လာပါတယ်။
ကျောက်ဖြူတိုက်ပွဲမထုတ်ပြန်ပေမယ့် ရခိုင်နဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ငဖဲမြို့နယ်မှာ ဩဂုတ် ၁၄ရက်က တိုက်ပွဲမှာတပ်မ(၉၉)လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
အလားတူ အာရက္ခတပ်တော်(AA)၊ PDFပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို လေကြောင်းအကူအညီနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။ စက်စက်ယိုကျေးရွာကို ဇူလိုင်လကုန်ပိုင်းကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုးနေခဲ့တာပါ။ ဒီလဆန်းတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ လေးမျက်နှာ ဒေသခံတချို့က ပြောပါတယ်။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရုပ်အလောင်းတွေကို ကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်မှာ စစ်ကောင်စီက လုံခြုံရေးယာဉ်တန်းနဲ့ လာရောက်သင်္ဂြိုလ်သွားတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် နဲ့ဆက်စပ်နေတဲ့ မကွေး ၊ပဲခူး ၊ဧရာဝတီတိုင်းအစပ်တိုက်ပွဲတွေဟာ စစ်ကူတွေအများအပြားပို့ထိုးစစ်ဆင်ပြီး ဆုံးရှုံးထားတဲ့စခန်းတွေပြန်သိမ်းပိုက်နိုင်ဖို့ ကြံစည်တာဟာ ပြန်လန်လန်ကျနေတာဖြစ်ပါတယ် ။
●ချင်းပြည်ကို စစ်ကြောင်းထိုးမလား
စစ်ပုပ်စုက ချင်းပြည်နယ်အတွင်း ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားတွေ စုဖွဲ့ပြင်ဆင်နေတယ်လို့ CNDFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ စစ်ကောင်စီက အဲဒီလို စစ်အင်အားတွေ စုဖွဲ့ပြင်ဆင်မှုကို ချင်းပြည်တောင်ပိုင်းရော၊ မြောက်ပိုင်းရောမှာ ပြုလုပ်နေပြီး စစ်ကောင်စီကို တန်ပြန်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံး ညီညွတ်ရေး လိုအပ်ကြောင်း ဆလိုင်းတင်မီက ပြောပါတယ်။
စစ်ကောင်စီက ချင်းပြည်တောင်ပိုင်း ဆုံးရှုံးနယ်မြေတွေ ပြန်ရရေးအတွက် လောင်းရှည်၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့တို့ဘက်ကနေ အင်အားအလုံးအရင်းနဲ့ ချင်းပြည်ဘက်ကို ဦးတည် စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ထိုးစစ်ပြင်ဆင်မှုဖြစ်တယ်လို့ ဆလိုင်းတင်မီက ခန့်မှန်းပါတယ်။
ပေါက်ကပစ ၂၄ ကိုရောက်နေတဲ့ ကားအစီးရေ တစ်ရာကျော်ပါတဲ့ စစ်တပ်ယာဉ်တန်းဟာ ဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်သိမ်းဖို့ ချင်းတောင်ကိုတက်လာရင် စစ်အုပ်စုအတွက်အလျော်အစားကြီးတဲ့ စစ်ဆင်ရေးလို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကလည်းသုံးသပ်ပါတယ်။
စစ်တပ်က ဒီလိုထိုးစစ်ဆင်လာရင် စစ်အုပ်စုအတွက် ဆုံးရှုံးပြီးသားနယ်တွေ ပြန်လည်ထိုးစစ်ဆင်ပေမဲ့ “ဖွတ်မရ ဓားဆုံး” အခြေအနေမျိုး ကြုံရနိုင်တယ်လို့လည်း ဆလိုင်းယောမာန်ကရေးသားထားပါတယ်။
“ကျနော်တို့ကလည်း မုံရွာ၊ ပခုက္ကူအထိ ဝေးဝေးလံလံ သွားရောက်တိုက်ယူရတာမျိုး မဟုတ်ဘဲ… ကိုယ့်အနီးအနားကိုယ်နယ်မြေကျွမ်းကျင်တဲ့နေရာအထိအကြမ်းဖက်စခ တွေပင်ပင်ပန်းပန်း ရောက်လာတာကို အခွင့်ကောင်းယူနိုင်ဖို့ လိုပါတယ်။စစ်ကော်မရှင်သာဒီတစ်ချီမှာအထိနာရင် ပြန်နလန်ထူနိုင်ဖို့ကို အချိန်ယူရမှာဖြစ်ပြီး ယောဒေသနှင့်တကွမကွေးတိုင်းမှာလည်းတော်လှန်ရေးအတွက် ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်လာပြီး ကျန်တဲ့နေရာတွေကိုပါ ကူးစက်ဖို့ လွယ်ပါလိမ့်မယ်။” လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ပါတယ် ။
●စစ်အုပ်စုအတွက်အလျော်အစားကြီးတဲ့ကစားပွဲ
စစ်တပ်ရဲ့နိုင်ငံတစ်ဝန်းထိုးစစ်တွေဟာ သြဂုတ်တတိယပါတ်ရောက်လာတဲ့အခါ နောင်ချိုကနေ မိုးကုတ်မြို့ဘက် စစ်ကြောင်းထိုးသလို ၊ကျောက်မဲမြို့ဘက်ကိုလည်း နောင်ပိန်ရွာဘက်ကတဆင့်ထိုးစစ်ဆင်ဖို့ ကြိုးစားလို့ တိုက်ပွဲတွေပြင်းထန်နေပါတယ် ။ ကရင်နီပြည်မှာလည်း ဒီးမောဆိုမြို့ကို သြဂုတ် ၂၀ ရက်န့မှာ ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ် ။ဒါပေမယ့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို မြို့ပေါ်ကစစ်တပ်ပြန်တပ်စွဲတဲ့နေရာတွေကို ကရင်နီတပ်ပေါင်းစုက ပြောက်ကျားနည်းနဲ့ပြန်တိုက်ခိုက်နေတယ်လို့ မြေပြင်ကရဲဘော်တွေကပြောပါတယ်။
စစ်ကြောင်းတွေပို့ပြီး နယ်မြေတွေပြန်စိုးမိုးနိုင်ဖို့ကြိုးစားနေပေမယ့် စစ်အုပ်စုဟာတနင်္သာရီတိုင်းမှာလည်း အထိနာနေပါတယ် ။ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် ဆုံးရှုံးထားတဲ့နယ်မြေတွေပြန်ထိုးစစ်ဆင်နိုင်ဖို့ ၊ နယ်မြေစိုးမိုးမှုပြန်ယူနိုင်ဖို့ ပို့လိုက်တဲ့ စစ်ကူနဲ့ လက်နက်ခဲယမ်းတွေပါတဲ့ စစ်ကြောင်းတွေ ၊ယာဉ်တန်းတွေကို တော်လှန်ရေးတပ်တွေက အကြိမကြိမ်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် စစ်တပ်ထင်တိုင်းတိုးမပေါက်ဖြစ်နေတာပါ။
နယ်မြေအများအပြားကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို တစ်နိုင်ငံလုံးအနေနဲ့ စစ်ဦးကျိုးအောင်တိုက်ဖို့ဆိုရင် ဒေသတစ်ခုက အရေးကြီးဆုံးဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကသုံးသပ်ပါတယ် ။ စစ်ဦးကျိုးဖို့အတွက်ဆိုရင် စစ်တပ်ရဲ့ အရင်းခံနယ်မြေကို တိုက်မှ အောင်မြင်မှာဖြစ်ပြီး အဲဒီဒေသဟာ မြန်မာပြည်အလယ်ပိုင်း ဖြစ်တယ်လို့သူက သုံးသပ်ပါတယ်။
ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ ကလည်း ခုခံတော်လှန်တိုက်ပွဲတွေဖြစ်တာမို့ အောင်ပွဲကိုရဖို့အတွက် တော်လှန်ရေးအဖွဲ့တွေ စစ်တိုက်ဖို့လိုတယ်လို့ပြောပါတယ် ။စစ်အုပ်စု စစ်ဦးကျိုးအောင် ဘယ်တော်လှန်ရေးအဖွဲ့တွေ စွမ်းဆောင်နိူင်မလဲဆိုတဲ့အပေါ် ကိုလည်းချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌကအခုလိုမှတ်ချက်ပြုပါတယ် ။
“အဓိကတော့ စုဖွဲ့လေ့ကျင့်မှုအားကောင်းတဲ့တပ်ဖွဲ့တွေကတော့ စစ်ဦးကျိုးနိုင်အောင်လုပ်နိုင်မယ်။ ပြီးလို့ရှိရင် သူ့ရဲ့(စစ်အုပ်စု) ထိုးစစ်အပေါ်မှာလည်းမူတည်မှာပေါ့။သူ့အတွက်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အချီကြီးလောင်းလိုက်တာပါပဲ။လောင်းကြေးအကြီးကြီး ထပ်လိုက်တာပါပဲ”
