ယောနသံ/People’s Spring
ခေါင်းပေါ်၌ ဗုံးကြဲလေယာဉ်ဝဲနေစဉ် မိုးကြီးပြီးရေနှင့်ရွှံ့နွံများပြည့်နေသောဗုံးခိုကျင်းဘေး၌ ဒေါ်မိုးခိုင် တစ်ယောက် စိတ်ပျက်လက်ပျက်ထိုင်နေခဲ့သည်။ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြားမှ လောကဓံကို မဖြုံစတမ်းဖြတ်ကျော်လာခဲ့သည့် သူ့အဖို့ လူလုပ်ဘေး နှင့် သဘာဝဘေးနှစ်ခုကြား ကျဉ်းထဲကျပ်ထဲရောက်နေသည်။ ယခုလို တချိန်တည်းတွင်ဘေးမျိုးစုံကြုံနေရသောအဖြစ်အတွက် မှန်ကန်စွာတုံ့ပြန်နိုင်ရန် အဖြေကဘာဖြစ်မလဲ ဆိုသည်ကို သူမေးခွန်းထုတ်နေမိသည်။
“တော်တော်ဆိုးဆိုးပါပဲ။ ဗုံးခိုကျင်းထဲမှာရေတွေကပြည့်ကုန်တယ်။ လေယာဉ်ပျံကလည်း ၂နာရီခြား တစ်ခါ ဝဲတယ်။ ကျွန်မကိုယ်ကျွန်မလည်းသရဏဂုံတင်၊ လေယာဉ်ကိုလည်းကျိန်ဆဲရင်း တစ်ညလုံးငုတ်တုတ်ထိုင်နေရတယ်”
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ ဒေါ်မိုးခိုင်က သြဂုတ်လ၏ သူ့အတွက်ဆိုးရွားသော ညတစ်ညအတွေ့အကြုံကို ပြောပြခြင်းဖြစ်သည်။လုံခြုံရေးကြောင့်အမည်လွှဲထားပါသည်။

Public Service Announcement
“ညညဆို ကျမတို့စိတ်တွေ ထိန်းချုပ်ရခက်တယ်။ ကြိတ်ငိုရတယ်။ အပြင်ဒဏ်ရာရော အတွင်းဒဏ်ရာ(စိတ်ဒဏ်ရာ)ပါ စွဲကပ်နေပြီလေ။ ကုစားဖို့ နည်းလမ်း ရှိမှပဲ တော်ကာကျမယ်”ဟုဒေါ်မိုးခိုင်က ပြောသည်။
ဒေါ်မိုးခိုင်သည် သက်ကြီးရွယ်အိုမိခင်နှင့်အတူ မိသားစုဝင်ခြောက်ဦး၏ ဝန်ကိုထမ်းထားရသူဖြစ်၍ မြို့ကိုစွန့်ခွာသွားနိုင်ခြင်းမရှိပေ။ ၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက်လုံးရော၊ ဩဂုတ်လဆန်းက ရေဘေးကိုပါ သူ ရင်ဆိုင်ခဲ့ရသည်။
ဇူလိုင်လကုန်၊ သြဂုတ်လဆန်းပိုင်းက မြန်မာနိုင်ငံ ဒေသအချို့တွင် လူ့အသက်များစွာကိုသေကြေစေပြီး အိုးအိမ်စည်းစိမ်များကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးခဲ့သည့် ဘေးအန္တရာယ်နှစ်ခုကို တစ်ပြိုင်နက်ထဲရင်ဆိုင်ခဲ့ကြရသည်။ စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးရန် နှင့် မိုးကြီးပြီး ရုတ်တရက်ရင်ဆိုင်ရသည့် ရေဘေးမြေပြိုမှု ဘေးအန္တရာယ်တို့ဖြစ်သည်။
ကြိုတင်ကာကွယ်ရေး အသင့်မဖြစ်ခဲ့သော အဆိုပါ အန္တရာယ်များကြောင့်ထောင်ပေါင်းများစွာသောဘေးသင့်သူများထဲတွင်ဒေါ်မိုးခိုင်လည်းပါသည်။
●ဘေးမျိုးစုံသင့် မြို့များ
ပြီးခဲ့သည့်ဇူလိုင်ကလယ်က တောင်တရုတ်ပင်လယ်ပြင်တွင် ဝီဖာ(Wipha)မုန်တိုင်းဖြစ်ခဲ့သည်။ ဒေသအများစုမိုးကြီးခဲ့ပြီး သြဂုတ်လဆန်းပိုင်းတွင် ဖြစ်မည့် ဖျက်အားပြင်း ရေဘေးနှင့် မြေပြိုဘေးအတွက် အစပျိုးထားခဲ့သည်။ ဇူလိုင်လကုန် သြဂုတ်လဆန်းအရောက်တွင်တော့ သွန်ချလိုက်သည့်ရေခရားမှရေများ ဒလဟောစီးကျသွားသလို တောင်ပေါ်ရောမြေပြန့်၌ပါ မိုးပြိုလေတော့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စစ်ကောင်စီက စစ်ရေးအရ ခြိမ်းခြောက်နေစဉ် ရွာငံနှင့် ပင်းတယမြို့နယ်အတွင် ဇူလိုင်လ ၂၇ရက်ည၌ ရေဘေးရုတ်တရက်ကြုံခဲ့သည်။ ပင်းတယမြို့နယ် သိမ်ကုန်းရွာ၊ကုန်းစောင်းရွာနှင့် ရွှေပုထိုးရွာတို့တွင် တောင်ကျရေ ရုတ်တရက်ဆင်းလာပြီး နေအိမ်များအား တိုက်စားသွားသည်။ ကလေးငယ်အချို့အပါအဝင် ရှစ်ဦးသေဆုံးပြီး အိမ်များ၊ စိုက်ခင်းများ ပျက်စီးခဲ့သည်။ မြေပြင်စာရင်းများအရ အိမ် အလုံးရေ၈၀ ကျော်ပျက်စီးခဲ့သည်။ရေဘေးကြောင့်မိနစ်ပိုင်းအတွင်းဒေသခံများငွေသိန်းထောင်ချီ ဆုံးရှုံးခဲ့သည်။ ဒေသချင်းဆက်စပ်နေသော အောင်ပန်းနှင့်ကလောမြို့တို့တွင်လည်း မြို့ ပေါ်ရပ်ကွက်များ၌ရေလျှံနေပြီး ဒေသခံလူဦးရေသုံးထောင်ကျော်သည်ရေဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။
ထိုကာလများတွင်မန္တလေးတိုင်းထဲ၌လှုပ်ခတ်နေသော ငလျင်အချို့ကလည်း ဓနုဒေသကိုပါ သက်ရောက်နေခဲ့သည်။ အိမ်နီးချင်းဒေသများဖြစ်သည့် ရှမ်းတောင်နှင့် ရှမ်းမြောက်သို့ ဗုံးကြဲရန် သွားသည့် လေယာဉ်များက ပင်တယကောင်းကင်ယံကို ဖြတ်သွားသည်။
“ပင်းတယကငလျင်လည်းခံရတာပဲ။ ရေဘေးပါ ထပ်ကြုံတယ်။ ဒုက္ခတွေ အရမ်းကြီးတယ်”
ဩဂုတ်လဆန်းတွင်တော့ရေဘေးသည်ရှမ်းပြည်နယ်တောင်ပိုင်းကိုကျော်လွန်၍အဖျက်စွမ်းအားကိုအရှိန်မြှင့်လာသည်။စစ်ကောင်စီ၏လေကြောင်းရန်ကို အမြဲတစေစိုးရိမ်ထိတ်လန့်နေရသည့်ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါနှင့် ကျောက်မဲမြို့နယ်၊ ကျောက်မဲနှင့်ခပ်လှမ်းလှမ်းမှ မိုးကုတ်မြို့၊ ကချင်ပြည်နယ်မှ KIA ထိန်းချုပ်ဒေသဖြစ်သည့် လိုင်ဇာမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင်ပါဆိုးရွားသည့်ရေဘေးကြုံရသည်။ထိုအပြင် မတ်လ ၂၈ရက်က ငလျင်ဒဏ်ကိုရင်ဆိုင်ခဲ့ရသလို လေကြောင်းရန်ကိုလည်း နောက်ကျောမလုံဖြစ်နေရသည့် ကရင်ပြည်နယ်မှ KNU ထိန်းချုပ်ဒေသ သံတောင်ကြီးနှင့် ပတ်ဝန်းကျင်ဒေသများတွင် လေကြောင်းရန် အကြောက်တရားအကြားရေဘေးနှင့်မြေပြိုဘေး တစ်ပြိုင်နက်ရင်ဆိုင်ခဲ့ရပြန်သည်။
သီပေါနှင့်ကျောက်မဲမြို့နယ်သည် ဇူလိုင်လနှင့်သြဂုတ်လအတွင်း တစ်နိုင်ငံလုံးအနက် လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးမြို့နယ်များဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်းတွင် အရပ်သား၂ဝ ကျော်သေဆုံးခဲ့သည်။ စစ်ကောင်စီက ဗုံးမိုးရွာနေစဥ် ရေဘေးကိုပါ ထပ်မံရင်ဆိုင်ခဲ့ရပြန်သည်။ ရေ ဘေးကြောင့်လူနှစ်ဦးသေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး အဆိုးရွားဆုံးအခြေအနေမှာ ရွှံနွံများကဗုံးခိုကျင်းများကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
” စားစရာလည်းမရှိ။ သောက်စရာရေတောင်မရှိဘူး။ တောင်ကျရေတွေဝင်လာလို့ ဒုက္ခရောက်နေချိန်မှာ လေယာဉ်က တစ်ညလုံးဝဲနေခဲ့တာ။ အဲဒီနေ့ကိုကျွန်မမမေ့ဘူး”ဟု ဩဂုတ်လ ၆ရက်ညက အခြေအနေကိုကျောက်မဲမြို့မှဒေါ်မိုးခိုင်က ပြောသည်။
လိုင်ဇာကိုလည်း ရေဘေးက ဒုက္ခပေးခဲ့သည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲအပြင်းအထန်တိုက်ခိုက်ခံနေရ၍ ကေအိုင်အေဌာနချုပ်လိုင်ဇာကို ဗုံးကြဲရန် စစ်ကောင်စီဝါဒဖြန့်ချိရေးသမားများက လှုံ့ဆော်နေချိန်၌ ယခင်ကမကြုံဖူးသည့်ရေဘေးကို ဒေသခံများရင်ဆိုင်ရခြင်းဖြစ်သည်။
“မိုးတွေရွာနေတဲ့အချိန်ဆို တောင်ပေါ်ကကျောက်တုံးတွေလိမ့်လာသံကြီးတွေကြားနေရတာ အရမ်းကြောက်စရာကောင်းတယ်။ တောင်ပေါ်မှာမြေပြိုပြီး တောင် ခြေကရွာတွေပျက်တော့တာပဲ”ဟု လိုင်ဇာဒေသခံတစ်ဦးကပြောသည်။
လိုင်ဇာရေဘေးတွင် ကလေးငယ်အချို့အပါအဝင် အရပ်သားခြောက်ဦးသေဆုံးပြီး အိမ် ၄၀၀ ကျော်ပျက်စီးခဲ့သည်။
လိုင်ဇာ၌ ရေဘေးကြုံနေစဉ်တစ်ချိန်တည်းတွင် ကရင်ပြည်နယ်သံတောင်ကြီးမြို့နယ်တွင်လည်း ဆိုးရွားသည့်တောင်ကျရေဘေးကို ဒေသခံများဆိုင်ခဲ့ရသည်။ သံတောင်ကြီးမြို့ပေါ်အပါအဝင် တောင်ပေါ် ဒေသများပါ အပျက်အစီးများခဲ့ပြီး ဒေသခံ၁၃ဦးထက်မနည်းသေဆုံးခဲ့သည်။ ဥယျာဉ်ခြံမြေများပျက်စီးခဲ့သည်။ လမ်းနှင့်တံတားများပျက်စီးခဲ့ပြီး ဆက်သွယ်ရေးပြတ်တောက်ခဲ့သည်။ထိုကာလတွင် သံတောင်ကြီးမြို့နယ်နှင့်ဆက်စပ်နေသောတောင်ငူခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်နေခဲ့သည်။
နေပြည်တော် နှင့် ရန်ကုန်မှလွဲ၍ နိုင်ငံအဝှမ်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ခြိမ်းခြောက်ခံနေရစဉ် ဇူလိုင်လကုန်ဩဂုတ်လဆန်းပိုင်းကာလအဖြစ်အပျက်များသည် ပြည်သူလူထုအတွက် ရေနစ်သူအား ဝါးကူထိုးခံရသလို ဘေးကျကြပ်နံကြပ်ဖြစ်စေခဲ့သည်။
ကြိုတင်သတိပေးချက်မရခဲ့ဘဲ လူသေဆုံးခဲ့သည်အထိရင်ဆိုင်ခဲ့ရသည့် အဆိုပါဘေးများအတွက် ပြန်လည်ထူထောင်ရေးအတွက် လူထုသည် ကိုယ်ထူကိုယ်ထပင် ဖြေရှင်းနေကြရသည်။
●ခြိမ်းခြောက်နေဆဲ ဘေးအန္တရာယ်များ
မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်ခဲ့သော ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်ကြီး၏ နောက်ဆက်တွဲ ခြိမ်းခြောက်မှုများကလည်း မပြီးသေးပါ။ ကြံ့ခိုင်မှုအားနည်းသွားသော ငလျင်ဒဏ်သင့် အဆောက်အအုံများအား အလွယ်တကူပျက်စီးစေမည့် နောက်ဆက်တွဲငလျင်များ ဆက်လှုပ်နေသည်။အမေရိကန်အာကာသအေဂျင်စီ (NASA)၏ လေ့လာချက်အရ မန္တလေးတိုင်း စဉ့်ကူးမြို့မှ ပဲခူးတိုင်းဖြူးမြို့နယ်အထိ၃၄၂ မိုင်ရှည်ပြီး မှတ်တမ်းတင်နိုင်သမျှ မြေပြင်အက်ကြောင်းများနက်အရှည်ဆုံးဖြစ်ခဲ့သော ဖျက်အားပြင်းငလျင်သည် ထိလွယ်ခိုက်လွယ်အခြေအနေဖြစ်စေသည်။
ပြတ်ရွေ့ကြောတလျှောက် ၃မီတာ(၁၀ ပေ ကျော်) မြေရွဲ့စောင်းသွားပြီးတချို့နေရာများ၌၆ မီတာကျော်အထိမြေရွဲ့စောင်းသွားသည်။ထိုကြောင့် ပြတ်ရွှေ့လမ်းကြောင်းတလျောက်မြို့နယ်များ၌ နောက်ဆက်တွဲ ငလျင်များဆက်လှုပ်နေအုံးမည်ဟုပညာရှင်များက သတိပေးထားသည်။ လှုပ်သော ငလျင်များကလည်း ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များကို သက်ရောက်ပြီး ဒေသခံများကို ထိန့်လန်တုန်လှုပ်စေသည်။
ဇူလိုင်နှင့် ဩဂုတ်လအတွင်း ငလျင်များကလည်း မကြာခဏဆက်လှုပ်ချိန်ရေဘေးကပါ ခြိမ်းခြောက်နေပြီး စစ်ကောင်စီကလည်း ရန်လိုနေသည့်အခါ ရင်ဆိုင်ရသော ဒုက္ခသည် ရူးချင်စရာကောင်းလောက်သည်ဟု မိုးကုတ်မြို့ခံလူငယ်တစ်ဦးက ငြီးတွားသည်။
“အမြဲတစေငိုနေရတယ်။ သွေးလန့်ပြီးနေရတာ။ ဘေးမျိုးစုံက ကျတော်တို့ နိုင်ငံသားတွေအပေါ် အုပ်မိုးထားတာလားဗျာ”
လေကြောင်းမှ ဗုံးကြဲခံရ၍ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးသွားခဲ့သော ကလေးငယ်၏ရုပ်အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အသက်၂၅နှစ်အရွယ် အထက်ပါလူငယ်ကပြောခြင်းဖြစ်သည်။၎င်းနေထိုင်ရာအနီး၌ ဩဂုတ်လ ၁၄ရက်ညတွင် စစ်ကောင်စီက ဗုံးကြဲ၍ ကိုယ်ဝန်သည်နှင့်ကလေးငယ်အချို့အပါအဝင် ၂၁ဦးအထိ သေဆုံးခဲ့သည်။
နိုင်ငံတကာနှင့် ပြည်သူလူထုက လက်မခံသော ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ရန်ကြိုးပမ်းနေသည့်စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိသည့် ၆၃မြို့နယ်ကို ဇူလိုင်လကုန်မှစ၍ စစ်အုပ်ချုပ်ရေးကြေညာပြီး ဗုံးကြဲသတ်ဖြတ်မှုများတိုး၍လုပ်လာသည်။ ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင်လေကြောင်းမှ တိုး၍ဗုံးကြဲခဲ့သည်။ ဗုံးကြဲမှုကြောင့် အရပ်သား အစုလိုက်အပြုံလိုက်သေဆုံးမှုများသည် ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲ၊ စဉ့်ကူး၊ မြင်းခြံ၊ပေါက်၊ နွားထိုးကြီး၊ကန့်ဘလူ၊ ဒီပဲယင်း ၊စဥ့်ကူး ၊မော်ချီးစသဖြင့်ဒေသအစုံပါဝင်သည်။
စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက်ပိုင်းမှ ၂၀၂၅ ဇူလိုင်လကုန်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း- ၃,၁၉၁ ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၄၀၅ ဦး ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်သည်။ သေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက်ကလေးငယ် ၅၀၀ ကျော်ပါဝင်သည်။
ထို့အပြင်လေးနှစ်ကျော်ကာလအတွင်းပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း (၄၁၃) မှုကျူးလွန်ခဲ့ပြီး သေဆုံးသူပေါင်း (၄,၃၇၇) ဦး ရှိခဲ့သည်ဟုဆိုသည်။အစုလိုက်အပြုံသတ်ဖြတ်မှုများကြောင့် သေဆုံးသူများတွင်အသက်၁၈နှစ်အောက်ကလေးငယ် ၄၇၀ ဦးဝင်ပြီး အမျိုးသမီး ၇၅၇ဦးပါဝင်ကြောင်း NUG ကထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ဩဂုတ်လ ၁ ရက်မှ ၁၄ ရက်နေ့အထိ နှစ်ပါတ်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုတွင် အရပ်သားပြည်သူလူထုကို ပစ်မှတ်ထား၍ဗုံးကြဲမှုအကြိမ်ပေါင်း အနည်းဆုံး (၅၁) ကြိမ်ကျူးလွန်ခဲ့သည်။ ကလေးငယ်၊ သံဃာတော်၊ ကိုရင်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို ၊ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အရပ်သားပြည်သူ ၈၆ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထင်ရှားသည့်အကြမ်းဖက်မှုများမှာ ဩဂုတ်လ ၁၄ရက်က မိုးကုတ်မြို့ အရှေ့ပိုင်းကို ဗုံးကြဲခဲ့စဉ် ကိုယ်ဝန်သည်နှင့် ကလေးအချို့အပါအဝင်၂၁ဦး သေဆုံးခဲ့မှုနှင့် သြဂုတ်လ၁၇ရက်နေ့က ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိမော်ချီးဒေသကိုလေကြောင်း တိုက်ခိုက်မှု၌ ကလေးငယ် ငါးဦးအပါအဝင် အရပ်သား ၃၂ဦးသေဆုံးမှုဖြစ်သည်။ ထိုလုပ်ရပ်သည်ဆိုးရွားသော စစ်ရာဇဝတ်မှုများကို မရပ်တန့်ဘူးဆိုသည့် သက်သေမှတ်တမ်းတစ်ခုထပ်ဖြစ်လာခဲ့သည်ဟုလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ငလျင်ဘေး၊ ရေဘေးများကဲ့သို့ သဘဝဘေးများ ရင်ဆိုင်နေရစဉ် စစ်ကောင်စီသည် ပြည်သူများအား စစ်ရာဇဝတ်မှုများ ထပ်ဆင့်ကျူးလွန်နေပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီများကိုလည်း ဖြတ်တောက်တားဆီးနေသည်ဟု လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
● ဘေးအန္တရာယ်တွေကြားကပြည်သူတွေအတွက်အဖြေ
စစ်အုပ်စု အာဏာသိမ်းပြီး ၅နှစ်နီးပါးကြာလာချိန် ယနေ့ နိုင်ငံရေးအခင်းအကျင်းတွင် မြန်မာပြည်သူလူထုသည် ဘေးဒုက္ခပေါခေါင်းစုံကို ခါးစည်းခံနေကြရသည်။မိုးပေါ်ကလာသည့် လေကြောင်းအန္တရာယ်၊ မြေကြီးထဲမှ ခြိမ်းခြောက်နေသည့် ငလျင်အန္တရာယ်၊ မြေပြင်ပေါ်တွင် ရင်ဆိုင်နေရသည့် ရေဘေးနှင့် မြေပြိုမှုဘေးများကို ကိုယ်ထူကိုယ်ထရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ရွေးကောက်ပွဲမဖြစ်မနေပြုလုပ်မည်ဟုကြေညာထားသည့်စစ်ကောင်စီက မြို့ရွာများကို ဗုံးပတ်ကြဲနေသည်။ အရပ်သားပြည်သူများသည် စစ်ကောင်စီ၏ရက်စက်ကြမ်းကြုတ်မှုများကြောင့်ရော သဘာဝဘေးအန္တရာယ်များကြောင့်ပါ နေ့စဉ်ရက်ဆက်အသက် ခန္ဒာ သေကြေပျက်စီးနေကြရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် အရပ်သားများ၏ အသက်၊ လုံခြုံမှုနှင့် အနာဂတ်များ ဆုံးရှုံးနေပြီး အရေးပေါ် အခြေအနေ တစ်ရပ်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် သဘာဝဘေးများကြောင့် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုလည်းအသိပေးထားသည်။
မြန်မာပြည်သူလူထု၏ ဘေးဒုက္ခများအတွက် စိုးရိမ်သည်ဆိုသည်ကို အပြောမဟုတ်ဘဲလက်တွေ့ကျကျ ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မကြာခဏ တိုက်တွန်းနေသော်လည်း ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တုံ့ပြန်မှုမှာ စိမ်းကားလှသည်။
အာဏာသိမ်းစစ်အုပ်စုကလည်း အစိုးရသာလုပ်လိုပြီး တစိုက်မတ်မတ်လုပ်နေသည်မှာ ကိုယ့်ပြည်သူကို ပြန်သတ် ၊ကိုယ့်ပြည်သူကို ပြန်ဒုက္ခပေးခြင်းဖြစ်တော့သည်။ ယခုအခါ နိုင်ငံအနှံ့ စစ်ကောင်စီ၏ပစ်မှတ်များစွာအနက် ကျောက်မဲမြို့နယ်ထဲမှ နောင်ပိန်ရွာလည်း ပါဝင်လာသည်။
“ကျောက်မဲကို ပြန်သိမ်းဖို့ နောင်ပိန်ကို ဖျက်ဆီးနေပြန်ပြီ။ ရွာသေးသေးလေးကို ပေါင် ၅၀၀ ဗုံးကြဲတယ်လေ။ပြည်သူကို ရန်သူလို တိုက်ခိုက်နေတာ။ နောင်ပိန်ဆိုတာ ရေဘေးလည်းကြုံရသေးတာလေ”ဟု နောင်ပိန် ဒေသခံတစ်ဦးကပြောသည်။
နောင်ပိန်ကို ဩဂုတ်လ ၂၀ ရက်နံနက်ပိုင်းတွင်စစ်ကောင်စီက ဗုံးကြဲပြန်ရာ ကလေးငယ်အချို့အပါအဝင် စစ်ဘေးရှောင်၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရခဲ့သည်။
ပြည်သူလူထု၏အသက်များ နှင့် အိုးအိမ်စည်းစိမ်များမှာ ကမ်းနားသစ်ပင်များကဲ့သို့ ပြိုပျက်ထိရှလွယ်သော ထိုဘေးအန္တရာယ်များကို အကောင်းဆုံးတုံ့ပြန်ဖြေရှင်းနိုင်သော အဖြေသည် ရှိကိုရှိရမည်ဟု ဒေါ်မိုးခိုင် ယုံကြည်နေသည်။ ရွှံ့နွံများပြည့်နေသည့်ဗုံးခိုကျင်းဘေးတွင် ညလုံးပေါက်နေခဲ့ရသော ဒေါ်မိုးခိုင်တစ်ယောက်ကလည်း ထိုအဖြေကို တော်လှန်ရေးအင်အားစုများက စုပေါင်းအဖြေထုတ်ပေးမည်ကို မျှော်လင့်နေပါသည်။ ။
