နိုဝင်ဘာ-၁၊၂၀၂၅။ဆဏ်း/People’s Spring
လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်နိုင်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကိုတော်လှန်အနုပညာရှင်တွေက ကမ်ပိန်းတစ်ခုအနေနဲ့ ဒီကနေ့မှာ လူမှုကွန်ရက်မှာတင်နေကြပါတယ်။
“ လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ဆိုတော့ လွတ်လပ်ခြင်းက အဓိကလား အနုပညာက အဓိကလား ဆိုတာ မေးစရာဖြစ်လာတယ်။ ဒါပေမယ့် ဒီနှစ်ခုက ဒွန်တွဲနေပါတယ်။ လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်လို့ဖြစ်မှာပါ။Free Art ၊ Free Thought ၊Freedom Free Art ဆိုတော့ လွတ်လပ်တဲ့ အနုပညာ၊ အနုပညာလွတ်လပ်မှု၊Freedom Thought ဆိုတော့ လွတ်လပ်တဲ့ အတွေးအခေါ်၊ အတွေးအခေါ်လွတ်လပ်မှုအဲဒါမှ စစ်မှန်တဲ့ လွတ်လပ်မှုကို ကျွန်မတို့ ဦးတည်မှာဖြစ်ပါတယ်။ “ လို့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ က ပြုလုပ်ခဲ့တဲ့ လွတ်လပ်ခြင်းအနုပညာပွဲတော်ဖွင့်ပွဲမှာပြသခဲ့တဲ့ရုပ်သံမိန်ခွန်းမှာ ပြောခဲ့တာပါ။
ဒီဗီဒီယိုကို နိုဝင်ဘာ ၁ ရက် မှာတင်ဖို့ ဒါရိုက်တာကိုပေါက်က စတင်တိုက်တွန်းခဲ့တာဖြစ်ပြီး တော်လှန်အနုပညာရှင်တွေကလည်း #လာပါငါတို့အတူတူရုန်းရအောင်#မတရားတဲ့ရွေးကောက်ပွဲဆန့်ကျင်ကြ ဆိုတဲ့ စာသားတွေ နဲ့ အတူ တင်နေကြတာဖြစ်ပါတယ်။

Public Service Announcement
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ခြင်း နဲ့အနုပညာ နိုဝင်ဘာ-၁၊၂၀၂၅။ဆဏ်း/People's Spring လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့…
Posted by People's Spring on Saturday 1 November 2025
“ တဘက်မှာက ထမင်းရှင်ပြည်သူနဲ့ အနုပညာ တဘက်မှာက အာဏာရူးစစ်မိစ္ဆာသိပ်ရှင်းနေပေမယ့် … ရွေးဖို့သိပ်ခက်နေတယ်ဆိုရင်လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်မှာ အမေဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ စကားကိုပဲ ပြန်နားထောင်ကြည့်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။” လို့ ကိုပေါက်က ရေးသားထားပါတယ်။
ပြည်သူနဲ့အတူ ရပ်တည်တဲ့ နမည်ကျော်အဆိုတော်ရန်ရန်ချမ်း ကလည်း ” ဘာ reaction ဘာ comment မှပေးစရာမလိုဘူး ရင်ဘတ်နဲ့ပဲနားထောင် ရင်ဘတ်ထဲသိမ်းထားရပြီ နှလုံးသားထဲကိုဘယ်သူမှလိုက်သိမ်းလို့မရဘူး” လို့ရေးသားပြီးမျှဝေထားပါတယ် ။
ပြည်သူနဲ့အတူ ရပ်တည်တဲ့နာမည်ကျော်မင်းသမီးပိုင်ဖြိုးသု ၊ အဆိုတော် လင်းထက်တို့ကလည်းမျှဝေထားပါတယ် ။
လက်ရှိမှာ စစ်ကောင်စီက ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားကို ဈေးကွက်က နာမည်အကြီးဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားပေမယ့် ပြည်သူတွေဘက်က သပိတ်မှောက်တာ( Boycott ) ၊ လူမှုရေးပြစ်ဒဏ်ခတ်တာတွေပြုလုပ်တာကြောင့် အရေးပေါ် အစည်းအဝေးတွေလုပ်ပြီး ပြည်တွင်းကအနုပညာရှင်အားလုံး ရွေးကောက်ပွဲအတွက်ဝါဒဖြန့် ရုပ်သံတွေ ရိုက်ကူးပေးခိုင်းထားပါတယ်။မရိုက်ကူးပေးရင် အရေးယူမယ်လို့လည်း စစ်အုပ်စုက ခြိမ်းခြောက်နေတာပါ။
ဒါအပြင် စစ်တပ်ဝါဒဖြန့်ဇာတ်လမ်းကိုဝေဖန်တာ ၊ လူမှုရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်မှောက်တာတွေလုပ်ရင် ၊ ဝေဖန်တဲ့ ဖေစ်ဘွခ်ပိုစ်တွေအောက်မှာ Reaction ပေးတာကိုတောင်စစ်တပ်က ဖမ်းဆီးပြီး ပြည်သူတွေကို ကြောက်အောင်စစ်အုပ်စုကလုပ်နေပါတယ် ။ အဲဒီလိုအချိန်မှာ တော်လှန်အနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားပါတဲ့ ရုပ်သံကိုပြန်လည်မျှဝေလာတာပါ။
“ ဆိုးရွားယုတ်မာတဲ့ အာဏာရှင်လက်အောက်မှာ ဘယ်တော့မှ လွတ်လပ်တဲ့ လူအဖွဲ့အစည်းကို တည်ဆောက်နိုင်မှာမဟုတ် ၊ချစ်တဲ့ ငါတို့ခေါင်းဆောင်ဟာ ငါတို့ရဲ့ လွတ်လပ်တဲ့ အနုပညာ ငါတို့ရဲ့ လွတ်လပ်ခြင်းတွေအတွက် ဒီနေ့ အထိ ပေးခဲ့တဲ့ Strong Massage နားရှိသောသူကြားပါစေ မျက်စိရှိသောသူမြင်ပါစေ လွတ်လပ်ကြပါစေ လွတ်မြောက်ကြပါစေ။” လို့ အဆိုတော် လင်းထက်က ဗီဒီယိုဖိုင်နဲ့အတူရေးသားထားပါတယ်။

















































