နိုဝင်ဘာ-၁၊၂၀၂၅၊မေ/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့မြောက်ခြမ်းက တံငါသည်မြောက်ရွာကို စစ်တပ်က လေကြောင်းက နေဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၃၀ရက်က မတ္တရာမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ တံငါသည်မြောက်ရွာနဲ့ တောင်ရွာကို ဆက်သွယ်ထားတဲ့ ကျောက်စရစ်ကုန်းတံတား မိုင်းကွဲပျက်စီးခဲ့ပြီးနောက် စစ်တပ်က အောက်တိုဘာ ၃၁နဲ့ နိုဝင်ဘာ ၁ရက် ဒီကနေ့အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့ကလည်း လေယာဉ်တွေလာကြဲတယ်။ဒရုန်းတွေနဲ့လည်း ဗုံးကြဲတယ်။ဒီနေ့ မနက်လည်းတံတားဦးတက် လေယာဉ်၂စီးနဲ့ ဗုံးလာကြဲသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြတာမို့ အထိခိုက်အခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်တပ်က တံငါသည်တောင်ရွာကို အင်အားအလုံးအရင်းနဲ့ ရောက်လာပြီးနောက် တံတားကျိုးကျမှုဖြစ်ခဲ့ပြီး မြောက်ဘက်ကို စစ်ကြောင်းထပ်မထိုးနိုင်သေးပါဘူး။
အဲဒီတံတားဟာ မန္တလေး- မိုးကုတ်လမ်းပေါ်က တံတားဖြစ်ပါတယ်။
ဒါ့အပြင် မတ္တရာအရှေ့ခြမ်းက ရုံးပင်ကျေးရွာ ရောက်နေတဲ့ စစ်ကြောင်းကလည်း ကိနန္ဒရာကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

















































