အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မိန့်ခွန်းကို ဆိုလိုရင်းနဲ့ ကွဲပြားအောင် တည်းဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် BBC သတင်းဌာနရဲ့ ထိပ်တန်း အရာရှိ နှစ်ဦး ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။
Panorama မှတ်တမ်းရုပ်ရှင် တစ်ခုထဲမှာ ထရမ့်ရဲ့ မိန့်ခွန်းကို တည်းဖြတ်ထားပုံက ကြည့်ရှုသူတွေကို အဓိပ္ပါယ် အကောက်အယူ လွဲစေတယ်ဆိုတဲ့ ဝေဖန်သံတွေ ကျယ်လောင်လာတဲ့နောက် BBCရဲ့ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးနဲ့ သတင်းဌာန အကြီးအကဲ ဒီဘိုရာ တန်းနက်စ်တို့ဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ကြတာ ဖြစ်ပါတယ်။
သတင်းဌာနရဲ့ သမိုင်းကြောင်း တလျှောက်မှာတော့ ညွှန်ကြားရေးမှူးချုပ်နဲ့ သတင်းဌာန အကြီးအကဲတို့ တစ်နေ့တည်း ထွက်စာတင်တယ် ဆိုတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အဓိက အငြင်းပွားစရာ ဖြစ်ခဲ့တာကတော့ BBC မှတ်တမ်းရုပ်ရှင်ထဲမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့၊ ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်း ပြီးဆုံးခါနီးမှာ သူပြောကြားထားတဲ့ မိန့်ခွန်းရဲ့ မတူညီတဲ့ အပိုင်းနှစ်ခုကို ပေါင်းစပ်ထားတာပါပဲ။ အဲဒီနေ့မှာ ထရမ့်ကို အမာခံ အားပေးထောက်ခံသူတွေက အမေရိကန် လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ မှတ်တမ်းရုပ်ရှင်ထဲမှာ တည်းဖြတ်ထားတဲ့ ပုံစံအရ ထရမ့်ဟာ အဲဒီ စီးနင်းမှုကို လုပ်ဆောင်စေဖို့ ပိုပြီး တိုက်ရိုက်ကျကျ ညွှန်ကြားခဲ့သလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။

Public Service Announcement
တကယ်တမ်းကျတော့ အဲဒီ တည်းဖြတ်ပြီး ဆက်ထားတဲ့ အပိုင်းနှစ်ခုကြား ပြောဆိုထားတဲ့ အချိန်ကွာခြားချက်ဟာ မိနစ် ၅၀ လောက် ရှိပါတယ်။ ဒီလို လိုရာဆွဲ ဖန်တီးယူတဲ့ တည်းဖြတ်မှုမျိုးဟာ ကျင့်ဝတ်စောင့်ထိန်းတဲ့ သတင်းဌာနတွေက မလွဲမသွေ ရှောင်ရှားရမှာဖြစ်ကြောင်း ဝေဖန်မှုတွေကြောင့်လည်း BBCရဲ့ ထိပ်တန်း ပုဂ္ဂိုလ်တွေ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
ဗြိတိန် အစိုးရကတော့ ဗြိတိန် သတင်းဌာန တစ်ခုဖြစ်တဲ့ BBCမှာ အခုလို နုတ်ထွက်မှုတွေအပြီး ထင်ရှားမြင်သာတဲ့ ပြောင်းလဲမှုတွေ ရှိလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ထရမ့်ကတော့ ဒီကိစ္စကို ကြိုဆိုခဲ့ပြီး BBCရဲ့ အရာရှိတွေဟာ ရိုးသားမှု မရှိခဲ့ကြောင်း၊ ဒီမိုကရေစီ အတွက်တော့ ဆိုးရွားလွန်းတဲ့ ကိစ္စမျိုးဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ဒေးဗီးက တခြားသော အဖွဲ့အစည်းတွေနည်းတူ BBCဟာလည်း စင်းလုံးချောတော့ ပြီးပြည့်စုံနေတာ မဟုတ်ကြောင်း၊ ဒါပေမဲ့ အမြဲတမ်း ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတွေ ရှိနေဖို့တော့ လိုအပ်ကြောင်း၊ လက်ရှိ အငြင်းပွားစရာတွေ ဖြစ်နေတဲ့ ကိစ္စမှာ သူ့ဆုံးဖြတ်ချက်က အဓိက ကျခဲ့တယ်ဆိုတာ မငြင်းလိုကြောင်း ပြောကြားပြီး နုတ်ထွက်မယ့် ကိစ္စကို ကြေညာခဲ့ပါတယ်။
တန်းနက်စ်ကလည်း ဖြစ်ခဲ့တဲ့ ကိစ္စက BBCရဲ့ ပုံရိပ်ကို ထိခိုက်စေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီကိစ္စမှာ ဦးဆောင်ဦးရွက် ပြုသူတွေက တာဝန်ယူရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် သူဟာ ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း၊ ဒါဟာ အမှားတစ်ခုသက်သက် ဖြစ်ပြီး လတ်တလော ဝေဖန်နေကြသလို BBCက ဘက်လိုက်တယ် ဆိုတာကတော့ လုံးဝမဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒေးဗီးဟာ BBCရဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးမှာ တာဝန်ယူနေခဲ့တာ ၅ နှစ်လောက် ရှိပါပြီ။ သူ့လက်ထက်မှာ BBCရဲ့ တချို့ သတင်းဖော်ပြချက်တွေဟာ အငြင်းပွားစရာဖြစ်ပြီး ဘက်လိုက်တာတွေ ရှိခဲ့တယ်လို့ ဝေဖန်တာတွေ ကြုံခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းမှာတော့ Guardian သတင်းဌာနဟာ BBCရဲ့ မှတ်တမ်းရုပ်ရှင်အတွင်း မိန့်ခွန်းရဲ့ မတူညီတဲ့ အပိုင်းနှစ်ခုကို ပေါင်းစပ်ထားလို့ အဓိပ္ပါယ် လွဲမှားမှုတွေ ဖြစ်စေခဲ့ကြောင်း BBCရဲ့ အတွင်းရေး မှတ်တမ်းတစ်ခုကို ဖော်ပြခဲ့တဲ့နောက် ဒေးဗီးအတွက် ဖိအားတွေ ပိုတိုးလာခဲ့တာပါ။ ဒီကိစ္စကို အကြောင်းပြုပြီး သူနဲ့ တန်းနက်စ်တို့သာ မကဘဲ နောက်ထပ် BBCရဲ့ သတင်းဌာန အရာရှိ တချို့ပါ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်တာတွေ လုပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။
ကိုးကား: BBC
















































