Scorpio/People’s Spring
ခပ်ဖွဲဖွဲရွာထားတဲ့မိုးကြောင့် စိုစိစိဖြစ်နေတဲ့ ကတ္တရာလမ်းမပေါ်မှာ ဖြတ်သန်းသွားတဲ့ ကားတစီးနောက် လူတွေဟာ ပြေးလွှားလိုက်နေကြတယ်။ ရှေ့ကမောင်းနေတဲ့ကားပေါ်ကနေ ငွေစက္ကူခေါက်ကလေးတွေ ကျလာတော့ ဟေးခနဲအော်ရင်း အလုအယက် ကောက်ကြတယ်။ လမ်းမပေါ် လူတွေစုရုံးစုရုံးနဲ့ ရှုပ်ထွေးသွားလို့ ကားတွေလည်း ဟွန်းတွေတတီတီတီးကြတော့ ပိုဆူညံသွားတယ်။ မြို့ပြပေါ်က တန်ဆောင်မုန်းလပြည့်ည မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။
အဲဒီမြင်ကွင်းတွေကိုကြည့်ရင်း” နှလုံးတုန်စရာညပဲ” လို့ ရန်ကုန်မြို့နေ အသက် ၆၀ ကျော်အရွယ် ဦးဝင်း(အမည်လွှဲ)ပြောပါတယ်။
နေပြည်တော်၊ပျဥ်းမနားမြို့ကလမ်းမတွေမှာလည်း တန်ဆောင်မုန်းလပြည့်ညက ပံ့သကူကောက်သူတွေနဲ့ ပြည့်လျှံခဲ့တယ်။ လက်ပံခါးဆိုတဲ့ ကျေးရွာအနီးမှာတော့ ရွာသူရွာသားတွေအပြင် ရွာဘုန်းကြီးကျောင်းက ကိုရင်ငယ်လေးတွေပါ ပံ့သကူထွက်ကောက်ကြတယ်။

Public Service Announcement
အဲဒီလို ရှေ့မှာကောက်နေတုန်း နောက်ကဝင်လာတဲ့ဆိုင်ကယ်က ပံသကူလိုက်ကောက်တဲ့ အမျိုးသား ၁ ဦးနဲ့ ကိုရင်လေး ၁ ပါးကို ဝင်တိုက်မိပါတော့တယ်။ ကိုရင်ကော အမျိုးသားကော သွေးတွေရဲသွားခဲ့တယ်။ပျဥ်းမနားမြို့ကုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်။
အဲဒီဖြစ်စဥ် ဖြစ်ပြီး မကြာပါဘူး။ ပျဥ်းမနားမြို့၊ ပန်းခင်းမီးပွိုင့်အနီးမှာလည်း အလားတူဖြစ်စဥ်မျိုး ထပ်ဖြစ်ပါတယ်။ ဒီတခါတော့ ပံ့သကူလုတာမဟုတ်ဘဲ ပံ့သကူပစ်ပြီး လမ်းဘေးမှာ ရပ်ကြည့်မိတဲ့ အသက် ၁၁နှစ်အရွယ် မိန်းကလေးကို ကားက တိုက်မိခဲ့တာပါ။
အဲဒီမိန်းကလေးခမျာ ကားတိုက်မိတဲ့ဒဏ်ကြောင့် ခြေတွေ လက်တွေနဲ့ ဘယ်ဘက်မျက်လုံးမှာပါ ထိခိုက်ဒဏ်ရာတွေ ပြင်းထန်စွာရရှိခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ မိုးစေတနာ ပရဟိတအသင်းက အသိပေးပါတယ်။ သူ့ကို ပျဥ်းမနားမြို့ ကုတင် ၂၀၀ ဆံ့ ဆေးရုံကြီးကိုပို့ခဲ့ပေမဲ့ ဒဏ်ရာတွေများလို့ နေပြည်တော် ကုတင် ၁၀၀၀ဆံ့ ဆေးရုံကြီးဆီ ထပ်ပို့ခဲ့ရတယ်လို့ သိရပါတယ်။
ပုဗ္ဗသီရိမြို့နယ်မှာလည်းအလားတူဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ကားလမ်းမပေါ် ပံ့သကူကောက်ဖို့စောင့်နေတဲ့ ကလေးတွေဟာ လမ်းလယ်ပလက်ဖောင်းပေါ်တက်လိုက်၊ ပံ့သကူကောက်လိုက်နဲ့ ပျော်နေကြတယ်။ အဲဒီအချိန် ကားတစ်စီးက ဝင်လာပြီး ဖြတ်တိုက်သွားတာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ ကလေးကို ကားကဖြတ်တိုက်သွားတာ အုန်းကနဲပဲ သေသလားရှင်သလားမသိဘူး။” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
နောက်ထပ်ဖြစ်စဥ်တခုကလည်း နေပြည်တော်မှာပါပဲ။ သပြေကုန်းစျေး၊ ကျောက်မျက်ပြတိုက်အနီးက ပလက်ဖောင်းမှာ ထိုင်နေကြတဲ့ မိသားစု ၃ ယောက်ကို အရှိန်နဲ့ဝင်လာတဲ့ကားက တိုက်ပါတယ်။ ဇနီးဖြစ်သူနဲ့ သားသမီးဖြစ်သူတို့ရဲ့အားကိုးရာ ရွှေတောင်ကြီးဖြစ်တဲ့ ယောကျာ်းဖြစ်သူကို ကားက တက်ကြိတ်မိတယ်။ “ ကားသမားကမောင်းပြီး ထွက်ပြေးတယ်။ အကြိတ်ခံရတဲ့ ယောကျာ်း သေဆုံးသွားတယ်။” လို့ ဒေသခံတဦးက ပြောတယ်။ လိုက်ဖမ်းကြတော့ တိုက်တဲ့သူကိုတော့ မိပါတယ်။ ဒါပေမယ့် မိသားတစုရဲ့အားကိုးရာ ရွှေတောင်ကြီးကတော့ ပြိုလဲလို့သွားခဲ့ပါပြီ။
ရန်ကုန်မြို့မှာလည်း ပံ့သကူလိုက်ကောက်ရင်း ထိခိုက်မိသူတွေ ရှိခဲ့ပါတယ်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ မြောက် ဥက္ကလာပမြို့နယ်တို့မှာ လူ ၁၂ ယောက်ဖက်မနည်း ထိခိုက်ဒဏ်ရာရပြီး မြောက်ဥက္ကလာပ ဆေးရုံကြီး ရောက်သွားခဲ့ရတယ်လို့ နယ်မြေခံပရဟိတအသင်းတွေက ပြောပါတယ်။
ကားပေါ်ကလူတွေကလည်း အပျော်သဘောကော ဒါနအနေနဲ့ပါ ငွေတွေကြဲသွားခဲ့ကြတယ်။ လုတဲ့သူတွေကလည်း ဆန်ဖိုးကလေးရရ၊ ဆီဖိုးကလေးရရ ကြဲသမျှ လိုက်လုကြရတယ်။ နှစ်စဥ်လည်း တန်ဆောင်မုန်းလပြည့်ညမှာ ပိုက်ဆံလိုက်လုရင်း ထိခိုက်သူတွေ၊ အသက်ပေးလိုက်ရသူတွေ ရှိခဲ့ဖူးပါတယ်။
အစစအရာရာ ပိုပို ကျပ်တည်းလာတဲ့စစ်အုပ်စု အာဏာသိမ်းထားတဲ့ကာလကြီးမှာတော့ ဘယ်လောက်ပဲရရ အသက်ဘေးကြားကနေ လိုက်လုကြပြန်တယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကြပ်တည်းမှုတွေကြောင့် ကုန်ဈေးနှုန်းကြီးတာ၊ အလုပ်အကိုင်ရှားပါးတာ၊အကြောင်းပြချက်မရှိစစ်တပ်ကဖမ်းဆီးဖိနှိပ်တာ၊ စစ်သားသစ်အဓမ္မစုဆောင်းတာစတဲ့ ပြသာနာတွေကြောင့်ပြည်သူတွေပိုခက်ခဲကြပ်တည်းလာကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)စစ်တမ်းအရ ရန်ကုန်မြို့ရဲ့လူဦးရေ ၁၀ ဦးမှာ ၄ဦးကျော်က ဆင်းရဲနွမ်းပါးနေတယ်လို့ ဖော်ပြပါတယ်။
UNDP ကထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၈ နှစ်(၂၀၁၇)က ရန်ကုန်မြို့လူဦးရေ ၁၀ ရာခိုင်နှုန်းက ဆင်းရဲနေသူတွေ ဖြစ်ပြီး စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၃ ခုနှစ် အရောက်မှာတော့ ဆင်းရဲနွမ်းပါးမှုဟာ ၄၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်ဆင်းရဲနွမ်းပါမှုနှုန်းက ၈ နှစ် အတွင်းမှာ သုံးဆကျော်တောင်တိုးလာတာဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ စုစုပေါင်းမြို့ပြလူဦးရေ ခန့်မှန်းခြေ ၆ ဒသမ၂ သန်းရှိတာမှာ၂ ဒသမ ၇ သန်းခန့်က ဆင်းရဲတွင်းနက်နေရပြီးတော့ အရင်ကတည်းက ဆင်းရဲသူတွေကလည်း ပိုဆိုးရွားတဲ့ အဆင်မပြေမှုတွေ ရှိလာတယ်လို့ UNDPက ဖော်ပြပါတယ်။
ဒါအပြင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ WFPကဖော်ပြပါတယ်။
“ အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါတယ်” လို့ WFP က ထောက်ပြပါတယ်။ကျန် ၁၄ သန်းခန့် (၁၃.၉ သန်း)ကလည်းဆာလောင်မှုကိုရင်ဆိုင်နေရတာပါ။
မြန်မာနိုင်ငံရဲ့ အခြေခံစားနပ်ရိက္ခာရဲ့ ပျမ်းမျှကုန်စျေးနှုန်းဟာ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်အစောပိုင်းကာလနဲ့ ယှဥ်မယ်ဆိုရင် အခုအခါလေးဆ အထိ တိုးမြင့်လာခဲ့ပြီလို့ WFP ကဖော်ပြပါတယ်။
ဒါကြောင့် ပြည်သူတွေဟာ ပိုမိုဆင်းရဲ ကြပ်တည်းလာတာကြောင့် ပံ့သကူပစ်တဲ့အခါ အပြေးလိုက်လံကောက်ယူတဲ့အပေါ် စာနာ နာလည်ဖို့ လိုတယ်လို့ပြည်သူအချို့ကပြောပါတယ် ။ဒါပေမယ့် ပံ့သကူပစ်တယ်ဆိုပြီး ကားပေါ်ကနေ ပစ်ချတာဟာစစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်းပိုဆိုးလာတယ်လို့ပြည်သူအချို့ကပြောပါတယ် ။
“ တအားအန္တာရာယ်များတာ။ပံ့သကူးဆို ပိုက်ဆံတွေပစ်ကြဲဝေတယ်ဆိုတာ ဘယ်သူကစခဲ့မှန်းမသိ” လို့ပြည်သူတဦးကမမှတ်ချက်ပြုပါတယ် ။
“ ပံ့သကူကောက်တာက အရေးမကြီးဘူး။မအလပေါ်တာဆွဲတဲ့ထဲ ပါကုန်ကြအုံးမယ်” လို့လည် အခြားပြည်သူတဦးကပြောပါတယ်။
“ စည်းကမ်းမဲ့စွန့်ကြဲခြင်းပါ ။ပံ့သကူအလှူမမြောက်ပါ” လို့ပြည်သူတယောက်က မှတ်ချက်ပြုပါတယ်။
လူမှုကွန်ရက်မှာလည်း ဒီဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြပြန်ပါတယ်။ ကားပေါ်က ကြဲသွားတဲ့လူကို အပြစ်တင်ကြသူတွေရှိတယ်။ လမ်းပေါ်ကနေ လိုက်လုကြသူတွေကို ဒေါသထွက်ကြသူတွေရှိတယ်။ ဘယ်သူ့မှာ အပြစ်ရှိပါသလဲ။ မိတ်ဆွေလည်း အောက်ကကွန်မန့်ဘောက်စ်မှာ ဝင်ရောက်ဆွေးနွေးပေးနိုင်ပါတယ်။





















































