ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်လာနိုင်ရေး လာမယ့်သုံးလာအတွင်း ပိုမိုချိတ်ဆက်မှု လုပ်သွားမယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
NUG သတင်းပြန်ကြားရေးဌာန PVTVက ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ မေးမြန်းခန်းကို ဒီကနေ့ ဒီဇင်ဘာ ၂၉ရက်မှာဖော်ပြခဲ့ရာ ဝန်ကြီးက ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် တာဝန်ယူရတဲ့အကြောင်းအရင်း၊ NUGအစိုးရ ပြုပြင်ပြောင်းလဲရေးအပေါ် သူ့ရဲ့ သဘောထားအမြင်၊ NUGမှာ တိုင်းရင်းသား အဖွဲ့တွေ ပါဝင်ဖို့ အပါအဝင် သုံးလအတွင်းလုပ်ဆောင်မယ့် လုပ်ငန်းတွေ အကြောင်း ပြောပြခဲ့တာပါ။
” တဦးနဲ့ တဦး စုစုစည်းစည်း တော်လှန်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနဲ့ တော်လှန်ရေးထဲမှာ ရှိနေတဲ့ ခေါင်းဆောင်များနဲ့ နီးနီးကပ်ကပ်နေပြီးတော့ ဖက်ဒရယ်ဦးဆောင်မှု ပြုနိုင်တဲ့ ခေါင်းဆောင်တွေ ထဲထဲ ဝင်ဝင် ပါဝင်တဲ့ အဖွဲ့အစည်း အခင်းအကျင်းမျိုး ပေါ်ပေါက်လာဖို့အတွက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

Public Service Announcement
NUG ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့မှုအပေါ် ကိုယ်တိုင် အားမလို အားမရ ဖြစ်မိတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
” ဒီအချိန်မှာ တော်လှန်ရေးခေါင်းဆောင်တွေ အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေ ထဲထဲ ဝင်ဝင်ပါဝင်ပြီးတော့ ဦးဆောင်မှု ပြုတဲ့ ပြုပြင်ပြောင်းလဲရေးကို လိုချင်တာဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျနော် တော်တော်များများ တော်လှန်ရေးခေါင်းဆောင်တွေ အားလုံးသိတဲ့အတိုင်း ကျနော် ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ဒီ reform ထဲက process တခု ဆုံးဖြတ်ချက်အတိုင်းပဲ တိုင်းရင်းသားခေါင်းဆောင်တွေ တော်လှန်ရေးခေါင်းဆောင်တွေကို ပွင့်ပွင့်လင်းလင်း မေးခဲ့တယ် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ပေးထားချက်တွေအရ အခြေအနေတွေအရ အခုထက်ထိ တော်လှန်ရေးခေါင်းဆောင်များ တိုင်းရင်းသား ခေါင်းဆောင်များ ထဲထဲဝင်ဝင် ပါဝင်နိုင်ခြင်းမရှိသေးတာ အားမလိုအားမရ ဖြစ်စရာ တွေ့ရပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို ပြန်ဖြေရရင် ကျနော်တို့လည်း အားမရဘူး။”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ပြုပြင်ပြောင်းလဲရေးကို အဆင့်သုံးဆင့်နဲ့ သွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးက ထပ်လောင်း အသိပေးပါတယ်။ အခု ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့တွင်းပြုပြင်ပြောင်းလဲရေးဖြစ်ပြီး အဆင့်နှစ် အနေနဲ့ သုံးလအတွင်းမှာ ပိုပြီးတော့ ထိစပ်မှု ချိတ်ဆက်မှုတွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။
“အခု ပေါ်ပေါက်လာနေတဲ့ ဖက်ဒရယ်ယူနစ်တွေနဲ့ ပိုမိုပြီးတော့ အားကောင်းကောင်း ဆက်ပြီး တော်လှန်ရေးကို သွားနိုင်ဖို့ ဖက်ဒရယ်ယူနစ်များနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင် အလုပ်တာဝန်ခွဲဝေတာတွေ၊ အာဏာပေါ့ဗျာ လက်ရှိ စီမံခန့်ခွဲ အုပ်ချုပ်မှု ခွဲဝေတာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စောစောက တော်လှန်ရေးခေါင်းဆောင်များ တိုင်းရင်းသားခေါင်းဆောင် များ ပါဝင်တဲ့ ပိုပြီးတော့ အားကောင်းတဲ့ အခင်းအကျင်းမျိုးရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
အဆင့်သုံး ပြုပြင်ပြောင်းလဲရေးက NUGရဲ့ နေရာမှာ အစိုးထိုးမယ့် အသွင်ကူးပြောင်းရေးကာလ အစိုးရ ဖွဲ့စည်းဖို့ ဖြစ်ကြောင်း ရှင်းပြပါတယ်။
“NUGရဲ့နေရာမှာ အစားထိုးပြီးအသွင် ကူးပြောင်းရေး အစိုးရ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆော်ငများ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ်အသီးသီးက ပါဝင်မှု အားကောင်းကောင်းနဲ့ အသွင်ကူးပြောင်းရေးကာလ အစိုးရ ဖွဲ့စည်းဖို့ စီစဉ်ထားရှိပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိက ပန်းတိုင်ဟာ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ အတူလက်တွဲပြီး စစ်အာဏာရှင်ဘစနစ်ကိုတိုက်ဖျက် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားဖို့ ဖြစ်လို့ အားလုံး ပါဝင်တဲ့ တော်လှန်ရေးဦးဆောင်အင်အားစုကြီး တရပ်ပေါ်ထွန်းလာရေး တဆင့်ခြင်းတည်ဆောက်သွားဖို့ဆုံးဖြတ်ထားသလိုအဲဒီအတွက်လည်း ကြိုးစားအားထုတ်နေကြောင်း ပြောပြပါတယ်။
“ဒီလို တည်ဆောက်တဲ့နေရာမှာ တစုတဖွဲ့ တသင်းတဖွဲ့တည်းနဲ့ ဆောင်ရွက်သွားလို့ မရနိုင်ပါဘူး။ တော်လှန်ရေးအင်အားစုတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ သဘောတူညီမှုတွေ အစီအမံတွေကို အဆင့်လိုက်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ အဆင့်လိုက် ကြိုးစားပြီး ဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်။”လို့လည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ဒေါက်တာဇော်ဝေစိုးအနေနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ခြင်းဟာ တော်လှန်ရေးအောင်မြင်ဖို့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်ရေးအတွက် တော်လှန်ရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ နီးကပ်စွာ ရင်းနှီးစွာ အလုပ်လုပ်သွားနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးဘဏ္ဍာငွေရရှိရေး ပိုအာရုံစိုက်ဖို့၊ လူအင်အား လက်နက်ခဲယမ်း၊ နည်းပညာ ပိုမိုပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့အတွက်လည်း လုပ်ဆောင်သွားမှာ ဖြစ်သလို ထိန်းချုပ်ဒေသတွေ ပိုမိုအားကောင်းလာစေရေးအတွက်လည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းပြပါတယ်။
ပြည်သူတွေ တော်လှန်ရေးမှာ ပါဝင်နိုင်ဖို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပိုမိုဖြည့်ဆည်းနိုင်ဖို့၊ လွတ်မြောက်ဒေသကို အခြေခံပြီး တော်လှန်ရေး နောက်တဆင့်တက်နိုင်ဖို့လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးဟာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ရဲ့ အလုပ်တွေကို ကူညီလုပ်ဆောင်ပေးဖို့ ဖြစ်တယ်လို့ ရှင်းပြသလို ဝန်ကြီးဌာန ဖွဲ့စည်းမှု၊ ဝန်ထမ်းခန့်ထားမှု၊ စာရင်းအချက်အလက်တွေ စုဆောင်းမှုတွေ လုပ်ဆောင်သွားဖို့ရှိကြောင်း အသိပေးပါတယ်။

















































