ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ထားတဲ့ အင်ဂျန်းယန်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ရက်ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မြစ်ဆုံအထက်ဘက် အင်ဂျန်းယာန်မြို့နယ် က တန်ဘောင်ယာန်ရွာကို လေကြောင်းတိုက်ခိုက်လာတာလို့ ဆိုပါတယ်။
“မနေ့ည ၉နာရီ ကျော်လောက်မှာ ဂျက်ဖိုက်တာနဲ့ မြစ်ဆုံအထက် ဂွေထောင်ကနေသွားလိုက်ရင် ၅မိုင်ကွာတဲ့ရွာမှာ အဲဒါ တန်ဘောင်ယာန်လို့ ခေါ်တယ် အဲဒီရွာမှာ ဗုံးကြဲထားခဲ့တာ အိမ်က ၂လုံးပေါ့။ စျေးဆိုင်နဲ့ အိမ်နဲ့ကြားမှာကျတာ။ အဲဒီက ရွာသားတွေက မီးလှုံနေတာ အိမ်ရှင်ရယ် မီးလှုံနေတဲ့ ရွာသား ၃ယောက် ထိခိုက်သွားတယ်တဲ့။ သေတာတော့မရှိဘူး။ ဗုံးစမှန်တာလို့ ပြောတယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အင်ဂျန်းယာန်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေကို KIAက တိုက်ခိုက်ခြင်းမရှိဘဲ တပ်တွေဆုတ်ခွာသွားလို့ KIAက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
” တန်ဘောင်ယန်ရွာက ၂၀၁၁မှာ စစ်ရှောင်ခဲ့တာဟုတ်တယ်။ စစ်စဖြစ်တဲ့ ၂၀၁၁မှာပေါ့။ အခုနောက်ပိုင်း လွတ်မြောက်နေရာဖြစ်သွားလို့ သူတို့ ပြန်လာနေတယ်။ ရွားသားတွေမများဘူး။ အိမ်ခြေမများဘူး”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာ အရပ်သား နေထိုင်ရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်လျက်ရှိရာ လွတ်မြောက်နေရာတွေကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လို့ ပြည်သူတွေလေကြောင်းရန် သတိပြုဖို့ ဒေသ သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။
“မနေ့ညကလည်း မီးလှုံနေတာ အပေါ်ကနေ ကြည့်လိုက်ရင် မီးလင်းတာ တွေ့တာနေမှာပေါ့ အဲဒီမှာ သူတို့ ချသွားတာထင်တယ်”လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် လွတ်မြောက်နယ်မြေတွေမှာ လူစုလူဝေး ပွဲလမ်းသဘင်တွေ ပြုလုပ်ပါက စစ်တပ်လေကြောင်းရန် စိုးရိမ်ရ၍ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ လည်း ဒေသခံက သတိပေးပါတယ်။
KIA က ဗန်းမော်မြို့ အပြီးသတ်သိမ်းနိုင်ရေး ဒီဇင်ဘာ ၂၅ရက်က စတင်ပြီး တန်ပြန်ထိုးစစ် ကို စစ်မျက်နှာများစွာက ဖော်ဆောင်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

















































