ဇန်န၀ါရီ ၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring
တအာင်းခေါင်းဆောင်တွေနဲ့ တအာင်းလူထု လိုလားလျက်ရှိတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အလျင်အမြန် ပြည့်ဝနိုင်ပါစေလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၂ရက်မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို NUG ကာကွယ်ရေးက သဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးတို့အတွက် တအာင်းလူထု၊ တအာင်းအာဇာနည်၊ တအာင်း ရဲဘော်၊ ရဲမေ အပေါင်းတို့ ကြိုးပမ်းကာ တော်လှန်ရေးခရီးရှည်ကြီးကို လျှောက်လှမ်းလျက်ရှိသလို ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာစေရေးနဲ့ စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်ပွဲဝင်လျက် ရှိကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

Public Service Announcement
တအာင်းတပ်မတော်(PSLF/TNLA) ဥက္ကဋ္ဌကလည်း တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်းမှာ PSLF ရဲ့ မူလ ရည်မှန်းချက်တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှုပြီး ရည်မှန်းချက် တွေကို ကျစ်ကျစ်လစ်လစ်ပြန်လည်ပြင်ဆင်ထားကြောင်းအသိပေးခဲ့ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLFရဲ့ မူလရည်မှန်းချက် ၅ရပ်ရှိတာကို အချက် ၃ချက်အဖြစ် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
မူလရည်မှန်းချက်တွေက တအာင်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး။ အမျိုးသားတန်းတူရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး စတာတွေဖြစ်ပြီး ပြန်လည်ပြင်ဆင်လိုက်တာကတော့ (၁) တအာင်းတမျိုးသားလုံးအဖိနှိပ်ဘဝမှ လွတ်မြောက်ရေး (၂) ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ်တည်ဆောက်ရေး။ (၃) အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ ဖြစ်ကြောင်း အသိပေးပါတယ်။
ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်ကို မဆုတ်မနစ်စွဲကိုင်ပြီးတော့ လျှောက်လှမ်းလာခဲ့တာဖြစ်ကြောင်းလည်း TNLAဥက္ကဋ္ဌက ပြောကြားပါတယ်။
တော်လှန်ရေးတိုက်ပွဲတွေအတွင်း အသက်သွေးချွေး ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ တအာင်း အာဇာနည်ခေါင်းဆောင် ရဲဘော်၊ရဲမေအပေါင်းနဲ့ ပြည်သူများအားလုံးကို ထာဝရဦးညွတ်အလေးပြုကာ အစဉ်လေးစားဂုဏ်ယူနေမယ်လို့လည်း ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောပါတယ်။
တအာင်းတပ်မတော်(PSLF/TNLA)ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြို့ပေါင်း ၁၂မြို့ကိုသိမ်းပိုက်ရရှိခဲ့ပေမယ့် ၂၀၂၅ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့တွေ လက်လွှတ်လိုက်ရသလို တရုတ်ကြားဝင်တဲ့ အပစ်ရပ်စဲရေးဆွေးနွေးမှုအရ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်လွှဲပေးပြီး ၂၀၂၅ အောက်တိုဘာလကုန်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲခဲ့ပါတယ်။
မိုးကုတ်-မိုးမိတ်မြို့ပြန်ပေးလိုက်ရတဲ့အပေါ် အမှန်တကယ် ပေးဆပ်နစ်နာသူတွေကို TNLA ခေါင်းဆောင်တဦးဖြစ်တဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က တောင်းပန်ထားပါတယ်။ ကျည်မရှိ၊ ဘတ်ချက်မရှိ စစ်အင်အားနည်းလာလို့ မိုးကုတ်-မိုးမိတ်နဲ့ ညှိပြီး အပစ်ရပ်စဲခဲ့ရတာဖြစ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားကာ ပွဲကမပြီးသေးကြောင်း အသိပေးထားပါတယ်။
















































