ဇန်နဝါရီ-၁၂၊၂၀၂၆။ သုည/People’s Spring
ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်နယ်ရှိ နေရာဒေသ (၁၀) နေရာကျော်မှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ မီးထွန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ လှုပ်ရှားမှုမှာ “ လိမ်ညာမှုကို မဲနှင့်ဖုံး၊ ပြည်သူ့အသံကိုပိတ်ပြီး မဲရေတွက်လို့ ဒီမိုကရေစီမဖြစ်နိုင်” ၊ “ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ” ၊ “ မဲပေးဖို့ဆန္ဒအလိုမရှိ” ၊ “ ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ၊ “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနှင့်” အစရှိတဲ့ စာသားတွေကို ဖယောင်းတိုင်ထွန်း ပုံဖော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းတို့က “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ UKSY
























































