ဖေဖော်ဝါရီ-၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ဖားကန့်မှာ ဒီကနေ့ညနေမှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေမှာပါ ပြင်းထန်တဲ့အနံ့ဆိုးတွေ ထွက်ပေါ်နေပြီး ဒေသခံတွေ ကျန်းမာရေးအတွက်စိုးရိမ်နေကြရပါတယ်။
ဖေဖော်ဝါရီလ၅ရက်ည ၇နာရီခန့်မှာ ဓာတုဆေးအနံ့လို အနံပြင်းပြင်းတွေထွက်ပေါ်လာတာလို့ ဒေသခံတွေကပြောပါတယ်။
“ ကိုယ့်အိမ်မှာဝါယာလျှော့ဖြစ်တယ်မှတ်လို့ ပတ်ကြည့်တာ။တစ်ရွာလုံးအနံ့တွေရနေမှ ဓာတုဆေးအနံ့မှန်းသိတာ။ အခု အသက်ရှူကြပ်နေတယ်။ ခြင်ထောင်ထဲမှာဝင်နေကြရတယ်” လို့ဆိုင်းတောင်ရွာကဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ပြင်းထန်တဲ့အနံ့ဟာ ဖားကန့်နေရာအများစုမှာရရှိနေတာဖြစ်ပါတယ်။
ည ၇ နာရီခန့်မှာစစ်တပ်လေယာဉ်လာပြီးမိနစ်အနည်းငယ်အကြာ အနံ့စထွက်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ လေယာဉ်ဖြတ်ချိန်အသံအကျယ်ကြီး ၄ ချက်ကြားတယ်။ခဏနေတော့အနံ့တွေရတာ။ပိုဆိုးနေပြီ။ဘယ်လိုကာကွယ်ရမှန်းမသိတော့ဘူး” လို့ဖားပြင်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။
လေယာဉ်အပြင် စစ်တပ်ဒရုန်းသုံးစင်းလည်း ဖြတ်သွားပြီး ဒီနေ့ည ဓာတုဆေးနံ့တွေဟာ စစ်ကောင်စီက ဓာတုလက်နက်သုံးပြီး တိုက်ခိုက်တာလို့ ဒေသခံတွေက ပြောနေကြပါတယ်။ ဖြစ်စဉ်အတိအကျကိုတော့အသေးစိတ်မသိရသေးပါဘူး။
ဒါပေမယ့် အခြားဒေသခံအချို့က ဖေဖော်ဝါရီ ၅ ရက်မှာ ညပိုင်းအထိ စစ်တပ်လေယာဥ်မလာဘူးလို့ပြောပါတယ် ။
“ ခေါင်းမူးတာရှိတယ်အချို့တွေက ပြီးရင် မျက်လုံးစပ်တာတွေရှိတယ် ။ပြီးလို့ရှိရင် လျှာမှာတွေ ၊နှာခေါင်းမှာတွေ အနံ့တွေစွဲတယ်ပေါ့ စိန်းရွေရွေအနံ့တွေစွဲတယ် ။ပိုးသတ်ဆေးနံ့နဲ့ပိုတူတယ် ။အဲတာမျိုးတွေဖြစ်တာ ဧရိယာအတော်ကျယ်တယ်” လို့ ဒေသခံတဦးကပြောပါတယ်။
ဒေသခံအချို့က အင်ဂျင်ဝိုင်တွေကျိုချက်ပြီးဝှေခါချောင်းထဲသွန်းလို့နောက်ဆက်တွဲဖြစ်တာလို့လည်းပြောနေကြပါတယ်။ ဝေခါချောင်းဆိုတာ ဥရုချောင်းထဲ စီးဝင်တဲ့ချောင်းပါ။ ဒါပေမယ့် အနံ့ဆိုး ထွက်တဲ့ ဖြစ်စဥ် အမှန်ကို ဘယ်သူမှ အတိအျကမသိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အနံ့ဆိုးတွေကြောင့်ပန်းနာရင်ကြပ်လို အသက်
ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေရှိနေသူတွေဟာ နေရထိုင်ရခက်နေပြီးဆေးပညာဆိုင်ရာအကြံပြုချက်တွေပေးဖို့လူမှုကွန်ရက်ကနေ တောင်းဆိုနေကြပါတယ်။ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေကိုစောင်တွေထဲမှာအုပ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မှာ ဇန်နဝါရီလ ၂၄ရက်ကစပြီး ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။ဖေဖော်ဝါရီ၅ ရက်နေ့ မနက်ပိုင်းက မရှီကထောင်ရပ်ကွက်အနီးမှာ စစ်ကောင်စီ ဒရုန်းတစ်စင်းကို KIA၊KPDF ပူးပေါင်းတပ်က ပစ်ချပြီး သိမ်းဆည်းလိုက်ပါတယ်။တိုက်
ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ညနေပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့ည ထွက်နေတဲ့ အနံ့တွေနဲ့ ပတ်သက်လို့ ည ၈နာရီ၄၅ မိနစ်အထိ အခြေအနေကို ဒေသခံတစ်ဦးက “ အနံ့က ထွက်တုန်းပဲ။ ကျနော်တော့ချောင်းအဆက်မပြတ်တော့ဘူး။ဆိုးနေပြီ” လို့ ပြောပါတယ်။

















































