close
Connect with us

Hi, what are you looking for?

ဆောင်းပါး

လွတ်မြောက်ရေးတိုက်ပွဲဝင်သူတို့ မယိုင်မလဲ ကြံ့ကြံ့ခံနေဆဲ

မီးညှိထားတဲ့ ဆေးလိပ်မီးနဲ့ ခန္ဓာကိုယ်ပေါ် ထိုးခံရတာ၊ ရေခဲတုံးကို လက်နဲ့အချိန်အကြာကြီး ကိုင်ထားဖို့ အဓမ္မခိုင်းခံရတာ၊ ပြင်းထန်စွာ ထိုးကြိတ်ရိုက်နှိက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရလုနီးပါး ကြုံခဲ့ရတာတွေကို သူခံခဲ့ရပါတယ်။ ဒါတွေဟာ လူမဆန်တဲ့ ညှင်းပမ်းနှိပ်စက်မှုတွေလို့ ၄နှစ်ကျော် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ သတင်းစာဆရာ ကိုဟံသာညိန်းက ပြောပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ် နှစ်ဆန်းမှာပဲ သူဖမ်းဆီးခံခဲ့ရပါအတယ်။ “စိတ်ဓါတ်တွေ ပြိုလဲပြီး ဘဝကို စုတ်ပြတ်သွားအောင် သူတို့လုပ်ခဲ့တယ်” လို့ သတင်းစာဆရာ ကိုဟံသာညိန်းက စင်္ကာပူအခြေစိုက် The Straits Times သတင်းစာကို ပြောပြပါတယ်။

(The Straitsimes သတင်းစာပါMyanmar coup 5 years on: Freedom fighters remain determined to end political deadlock ​ဆောင်းပါးကို ဆီ​လျှော်​အောင်ဘာသာပြန်ဆို​​ဖော်ပြထားပါတယ်)

-People’s Spring

မီးညှိထားတဲ့ ဆေးလိပ်မီးနဲ့ ခန္ဓာကိုယ်ပေါ် ထိုးခံရတာ၊ ရေခဲတုံးကို လက်နဲ့အချိန်အကြာကြီး ကိုင်ထားဖို့ အဓမ္မခိုင်းခံရတာ၊ ပြင်းထန်စွာ ထိုးကြိတ်ရိုက်နှိက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရလုနီးပါး ကြုံခဲ့ရတာတွေကို သူခံခဲ့ရပါတယ်။ ဒါတွေဟာ လူမဆန်တဲ့ ညှင်းပမ်းနှိပ်စက်မှုတွေလို့ ၄နှစ်ကျော် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ သတင်းစာဆရာ ကိုဟံသာညိန်းက ပြောပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ် နှစ်ဆန်းမှာပဲ သူဖမ်းဆီးခံခဲ့ရပါအတယ်။ “စိတ်ဓါတ်တွေ ပြိုလဲပြီး ဘဝကို စုတ်ပြတ်သွားအောင် သူတို့လုပ်ခဲ့တယ်” လို့ သတင်းစာဆရာ ကိုဟံသာညိန်းက စင်္ကာပူအခြေစိုက် The Straits Times သတင်းစာကို ပြောပြပါတယ်။

၂၀၂၅ခုနှစ် မှာ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပြီး အခုအခါ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အသက် ၄၄နှစ်အရွယ် ကိုဟံသာညိန်းဟာ အမေရိကန်အခြေစိုက် International Center for Not-for-Profit Law အဖွဲ့ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာသတင်းစာဆရာ ၂၃၀နီးပါးထဲက တယောက်ပါ။ ၂၀၂၅ခုနှစ် ဒီဇင်ဘာအထိ သတင်းစာဆရာ ၃၈ဦး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

‌ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၅နှစ်ပြည့်ပြီဖြစ်သော်လည်း ကိုဟံသာညိန်းကဲ့သို့သော လူများစွာဟာ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာမှာကို မျှော်လင့်နေကြဆဲ၊ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ဖွင့်ချပြီး ဆက်လက်တော်လှန်နေကြဆဲပါ။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ဖမ်းဆီးမှုခံရပြီး စစ်ကြောရေးနဲ့ ထောင်တွင်းအတွေ့အကြုံတွေဟာ အင်တန် ဆိုးရွားလှတာမို့ ဒီအကြောင်းတွေ ပြန်ပြောင်းပြောရဖို့ ကိုဟံသာညိန်းတယောက်တော့ အတော်ခက်ခဲလှပါတယ်။ စစ်တပ်က သူ့ကို သတင်းစာဆရာအဖြစ် “သတင်းမှားများ ဖြန့်ချိခြင်းနဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသော လုပ်ရပ်များ လုပ်ဆောင်ခြင်း” လို့ သတ်မှတ်ပြီး ထောင် ၇နှစ်ချခဲ့ပါတယ်။ ၄နှစ်ကျော်ကြာ ထောင်ထဲ တယောက်တည်း တိုက်ပိတ်ခံထားရတဲ့ ကာလတွေမှာ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို ဖျက်ဆီးဖို့ မြန်မာစစ်တပ်က ကြိုးစားခဲ့ပေမယ့် ကိုယ့်ကိုကိုယ် အသက်ရှင်အောင်၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်အောင် ဆုံးဖြတ်နေထိုင်ခဲ့တယ်လို့ ကိုဟံသာညိန်းက ဆိုပါတယ်။ မြန်မာနှစ်ဆန်း၁ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လွန်ခဲ့တဲ့ ၁၀လလောက်က ကိုဟံသာညိန်း အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ “အသက်ရှင်ဖို့ ခံနိုင်ရည်ရှိဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ရန်သူက သေစေချင်ရင်တောင် ကိုယ့်ကိုကိုယ် မသေအောင် ကြိုးစားရတာ တော်လှန်ရေးတခုပဲတဲ့။” “ဖမ်းခံရတဲ့ ပထမ ၄ရက်လုံးလုံး ကျနော်တို့ အိပ်ခွင့်လုံးလုံး မပေးဘဲ မျက်လုံးကို အဝတ်နဲ့စည်း၊ ခေါင်းစွပ်ပါ ထပ်စွပ်ခံထားရတာ” လို့ သူက ဆိုပါတယ်။

စစ်ကြောရေးမှာ ကိုဟံသာညိန်းတယောက် ကြမ်းပြင်ပေါ် အချိန်အကြာကြီး ဒူးထောက်ထိုင်နေရတာမို့ နာကျင်မှုကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ “မခံမရပ်နိုင်လောက်အောင် နာတာမို့ ကြမ်းပြင်ပေါ် ထိုင်ချဖို ကြိုးစားတိုင်း သူတို့က ကျနော့်ကို ဝိုင်းရိုက်ကြတယ်။”

ဒီအကြောင်းတွေ ပြန်ပြောတိုင်း စိတ်ဒဏ်ရာတွေ အကင်းမသေနိုင်ပေမယ့်လည်း မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်ဂိုဏ်းတခု ဘာမှမပိုဘူးဆိုတာ နိုင်ငံ

တကာအသိုင်းအဝိုင်း မြင်စေချင်တာမို့ The Straits Times ကို ပြောပြဖို့ သူသဘောတူပါတယ်။ “တတ်နိုင်သမျှ နည်းလမ်းတွေ၊ ယန္တယားတွေကို သုံးပြီး မြန်မာပြည်သားတွေကို အားပေးကူညီနိုင်ဖို့၊ မြန်မာစစ်တပ်ကို အပြီးတိုင် ဖြိုချနိုင်ဖို့ လုပ်ရပါမယ်”လို့ ကိုဟံသာညိန်း ပြောပါတယ်။

မြန်မာစစ်တပ် ပြိုလဲကျဆုံးရေးကို ဆရာဝန်တဖြစ်လဲ တော်လှန်ရေးသမား ဒေါက်တာတေဇာဆန်းလည်း မြင်တွေ့လိုသူပါ။ ဘယ်သူမဆို သတင်း

ပေးနိုင်ရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ တသောင်းပေးမယ်လို့ မြန်မာစစ်တပ်က ထုတ်ထားတဲ့ အလိုရှိသူစာရင်းထဲပါဝင်သူ အသက် ၃၇နှစ်အရွယ် ကိုတေဇာဆန်းဟာ စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ပထမဆုံး ဆန္ဒပြခဲ့သူအဖြစ် လူသိများကြပါတယ်။

အခုထိလည်း လျှပ်တပြတ်ဆန္ဒပြပွဲတွေကို ဒေါက်တာ တေဇာဆန်း ဦးဆောင်စီစဉ်ရင်း စစ်တပ်ရဲ့ဖမ်းဆီးမခံရအောင် ရှောင်တိမ်းပြီး တော်လှန်ပုန်ကန်နေသူပါ။ အန္တရာယ်တွေကြားထဲ စစ်အာဏာရှင်ကို ဆက်ပြီး ဆန့်ကျင်သွားဦးမယ်လို့ ST သတင်းစာကို ပြောပါတယ်။ “နွေဦးတော်လှန်ရေးဆိုတာ လူတယောက်၊ အဖွဲ့အစည်းတခုဆီကနေ ပေါက်ဖွားလာတာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူလူထုကြီးရဲ့ စိတ်ရင်းဆန္ဒအမှန်ကြားကနေ ပေါ်ထွက်လာတာ။ မန္တလေးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ကျနော်ကပဲ ဦးဆောင်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်မရှိတော့လည်း အခြားလူတွေ ပေါ်ထွက်လာမှာပဲ။ ကျနော်တို့လို လူပုဂ္ဂိုလ်တွေ အများကြီးပဲဗျ။ ဒီလို သပိတ်တွေကို ဦးဆောင်မယ့်သူ ၁၀ယောက်လောက်ရှိတယ်။ လူတဦးချင်းစီတိုင်းမှာ ဒီစစ်အာဏာရှင်ကို ဘယ်တော့မှ လက်မခံဘူးဆိုတာ တကယ့်စိတ်အတွင်းသဏ္ဌာန်ထဲမှာကို ရှိနေတာဗျ။”လို့ ကိုတေဇာဆန်းက ဆိုပါတယ်။

●ကြာမြင့်နေတဲ့ ပဋိပက္ခ

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်ဟာ ပြင်းထန်ဆိုးရွားလှတဲ့ ပြည်တွင်းစစ်နဲ့ စီးပွါးရေးလဲပြိုမှုဒဏ်ကို ခါးစည်းခံနေရပြီး ဒီ၅နှစ်အတွင်း လူ ၃သောင်းနီးပါး မတရားဖမ်းဆီးခံနေရဆဲပါ။ အရပ်သား ၇ထောင်ကျော်ထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ အချက်အလက်တွေက ဆိုပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ပွဲ၊ စီးပွါ’ရေးပျက်စီးမှုနဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါင်းစပ်ထားတဲ့ “ပြင်းထန်လှတဲ့ အကျပ်အတည်းမျိုးစုံ”ကို မြန်မာနိုင်ငံ တွေ့ကြုံနေရတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အိုးအိမ်မဲ့သွားသူတွေ တစတစ များပြားလာပြီး ၂၀၂၆ခုနှစ်မှာ နေရပ်စွန့်ခွါ တိမ်းရှောင်ရသူပေါင်း လူဦးရေ ၄သန်းရောက်နိုင်တယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ “စစ်တပ်က လူထုရဲ့အခက်အခဲကို မစဉ်းစားဘူးဗျ။ သူတို့စဉ်းစားတာက ဘာလဲဆိုတော့ တိုင်းပြည်အာဏာကို မလွတ်တမ်း ဆုတ်ကိုင်ထားနိုင်ဖို့ လူထုကို ဘယ်လိုဖိနှိပ်မလဲ ဆိုတာပဲ”လို့ ကိုတေဇာဆန်းက ပြောပါတယ်။

သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာပြည်ဟာ စစ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲ ပါဝင်သွားပြီး နှစ်ပေါင်း ၈၀နီးပါးကြာမြင့်လာနေတဲ့ ပြည်တွင်းစစ်မီးက ဆက်လက်တောက်လောင်နေဆဲပဲလို့ သူကဆက်ပြောပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ဘဏ္ဍာရေးနှစ်အဆုံးသတ်မယ့် လာမယ့် မတ်လကုန်မှာ GDP က ၂ရာခိုင်နှုန်း လျော့ကျသွားမှာဖြစ်သလို မကြာခင်ကာလအတွင်း ငွေဖောင်းပွမှုဟာ၂၀ ရာခိုင်နှုန်းအထက်မှာ ဆက်ပြီးရှိနေမယ့်သဘောပါ။

Center for Strategic and International Studies -CSIS အဖွဲ့ရဲ့ တွဲဖက်သုတေသနပညာရှင် ဒေါက်တာဟန်တာ မာစတန်က “မြန်မာပြည်က အရင် ၁၀နှစ်ကထက် ပိုပြီး ဆင်းရဲသွားတယ်” လို့ ဆိုပါတယ်။ ၂၀၁၁-၂၀၂၁ ကာလအတွင်း ကြံ့ခိုင်ရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတွေလက်ထက်မှာ ရရှိခဲ့တဲ့ တိုးတက်မှုတွေအားလုံး ပျက်သုဉ်းသွားပြီလို့လည်း သူက ဆက်ပြောပါတယ်။

●အတုအယောင် ရွေးကောက်ပွဲ

စစ်အစိုးရဆန့်ကျင်ရေး တော်လှန်ပုန်ကန်မှုက ဆက်ပြီးရှိနေပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက်နေ့မှာ ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲတွေကနေသာ တိုင်းပြည်ရှေ့ဆက်နိုင်မယ့် အဖြေတခုအဖြစ် မြန်မာစစ်တပ်က ယုံကြည်နေပုံရပါတယ်။ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးကနေ ပေါ်ထွက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုင်းပြည်နယ်နမိတ်တော်တော်များများကို ထိန်းချုပ်ထားတာကြောင့် မြန်မာစစ်တပ်ဟာ တလလောက်အတွင်း အပိုင်း၃ ပိုင်းခွဲပြီး ရွေးချယ်ထားတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကို အကန့်အသတ်တွေ အများကြီးနဲ့ ပြုလုပ်ခဲ့ရပါတယ်။

ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူအများစုကြီးက ဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့အာဏာကို တရားဝင်အောင် ရည်ရွယ်ထားတာမို့ အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။ မဲစာရင်းရလဒ်တွေ မကြေညာနိုင်သေးမှာပဲ စစ်တပ်က ထူ

ထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်အောင် အနိုင်ရရှိနေပြီလို့ ကြေညာခဲ့ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဌဟောင်း မလေးရှားနိုင်ငံက မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေယ့် အချိန်ကြာလာတာနဲ့အမျှ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို တဖြည်းဖြည်းနဲ့ ပုံမှန်ဖြစ်အောင် ပြန်လုပ်လာနိုင်တယ်လို့ Stimson Center က သုတေသီ ကိုအမရာ သီဟက ယုံကြည်နေပါတယ်။ “အာဆီယံက မြန်မာပြည် ပြဿနာကို ငြီးငွေ့စိတ်ကုန်လာနေပြီဆိုတာ တကယ်ပဲ။ အဖွဲ့ဝင်တွေက နိုင်ငံရေးအသွင်ကူးပြောင်းမှုထက် ပြဿနာတွေ တင်းမာပေါက်ကွဲထွက်လာမယ့်အရေး တိုးပြီး စိတ်ပူနေကြတာပေါ့”လို့ သူကဆိုပါတယ်။

၅နှစ်အကြာမှာ ဘက်နှစ်ဖက်စလုံး ပြတ်ပြတ်သားသား အနိုင်ရတာ မရှိတာမို့ မြန်မာပြည်ဟာ အပိုင်းပိုင်းကွဲနေတဲ့အဆင့်ထဲကို ရောက်သွားမယ်ဆိုရင် ဒီပဋိပက္ခက အဆုံးသတ်နိုင်ဖွယ် မမြင်ဘူးလို့ ကိုအမရသီဟက ဆိုပါတယ်။ “မြန်မာစစ်တပ်က တိုင်းပြည်ရဲ့ယန္တရားတွေကို ချုပ်ကိုင်ထားသလို ပြည်ပရဲ့ ကျောထောက်နောက်ခံမှုလည်း ရထားတယ်။ တော်လှန်ရေးအင်အားစုတွေက တက်ကြွမှုရှိနေဆဲဆိုပေမယ့် အရင်းအမြစ်တွေလည်း မညီမမျှ၊ လူတွေကလည်း မညီညွတ်နိုင်ကြဘူး။”လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့ နည်းလမ်းနဲ့နည်းနာတွေကို ဒီမိုကရေစီအင်အားစုတွေက ပြန်ပြီး ဆန်းစစ်သင့်တယ်လို့ ယေးလ်တက္ကသိုလ်က အရှေ့တောင်အာရှဆိုင်ရာဌာနက နည်းပြဆရာ ဒေါက်တာ ဒေးဗစ်သန်းမိုးက ဆိုပါတယ်။ အထူးသဖြင့် အရပ်သားကနေ လက်နက်ကိုင် တော်လှန်သူတွေနဲ့ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေအားလုံး အချင်းချင်း ညီညွတ်မှုကို အပေါ်ယံမဟုတ်ဘဲနက်နက်ရှိုင်းရှိုင်းတည်ဆောက်ထားမှသာ စစ်တပ်က သွေးခွဲသပ်လျှို ဖြိုခွင်းမယ့်ဘေးကို ဟန့်တားနိုင်မယ်လို့ ထောက်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လက်နက်ကိုင်အင်အားစုတွေကြား အားကောင်းတဲ့ နိုင်ငံရေးသဘောတူညီချက်က သူတို့ရဲ့ရည်မှန်းချက်ကို ရောက်စေဖို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ကူညီရာရောက်စေမယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေက စစ်တပ်ရဲ့အာဏာချုပ်ကိုင်မှုနဲ့ တရားဝင်မှု မရှိစေဖို့ ငြင်းပယ်နိုင်အောင် အရှိန်မြှင့်တောင်းဆိုသင့်တယ်လို့လည်း ‌ဒေါက်တာမိုးက ဆိုပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့ ပဋိပက္ခဟာ ချက်ချင်းအဆုံးသတ်သွားဖို့ မမြင်ပေမယ့်လည်း မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ အရပ်သားပြည်သူတွေအများအပြားကို ဘေးအန္တရာယ်တောထဲ တွန်းပို့လိုက်ပြီး ဒုက္ခပင်လယ်ဝေအောင် ဖန်တီးခဲ့တယ်လို့ ကိုဟံသာညိန်းက ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်သူလူထုကြီးဟာ အရှုံးပေးမှာမဟုတ်ဘူးလို့ သူက ယုံကြည်နေပါတယ်။ “ကျနော်တို့ သတ္တိရှိတယ်။ စိတ်ဓါတ်ခွန်အားရှိတယ်”။ ။

ဆက်စပ်သတင်းများ