ရွှေပြည်စိုး/People’s Spring
စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာပါ ၇ ရက်ကြာပျောက်နေတဲ့အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဟာ နေပြည်တော်ရောက်နေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း တွေ့ဆုံသေးခြင်းမရှိပဲ လူမြင်ကွင်းကနေဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့ မနက် အစောပိုင်းက မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ယတြာချေဖို့ရောက်နေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၃လုံးကိုအောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ကထိပ်တန်းအရာရှိအချို့ထိခိုက်ဒဏ်ရာရတယ်လို့BWM ကသတင်းထုတ်ပြန်ထားပါတယ် ။ဇန်နဝါရီ ၂၇ ရက်မှာ လက်နက်ကြီး ပစ်ခတ်သံကြားရတာကို ဒေသခံအချို့ကလည်း အတည်ပြုပါတယ်။ဒါပေမယ့် ထိခိုက်မှုရှိ၊မရှိကို ကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး ။

Public Service Announcement
အဲဒီတိုက်ခိုက်မှုလုပ်တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး အာဏာသိမ်းခေါင်းဆောင်တစ်ယောက် လူမြင်ကွင်းကနေပျောက်နေတာပါ။ ဖော်ဝါရီလ ၂ရက်နေ့မှာရုရှနိုင်ငံကကိုယ်စားလှယ်အဖွဲ့တွေနေပြည်တော်ကိုရောက်ချိန် စစ်ခေါင်းဆောင်နဲ့ တွေ့နိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် ထွက်မလာသေးပဲ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာပျောက်နေဆဲဖြစ်ပါတယ်။

နေပြည်တော်ကို ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာSergei Shoiguဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှ ဒုတိယကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့ စစ်ဖက်ဆိုင်ရာအဖွဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၃ရက်နေ့ စစ်ကောင်စီထုတ် သတင်းစာမျက်နှာတွေမှာ ဖော်ပြချက်အရ Sergei Shoiguဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စစ်ခေါင်းဆောင်ရဲ့လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီးဌာနဝန်ကြီး ဦးတင်အောင်စန်းက တွေ့ဆုံခဲ့ပြီးရုရှဒုတိယကာကွယ်ရေးဝန်ကြီးဦး
ဆောင်တဲ့ စစ်ဖက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ကိုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တွေ့ဆုံခဲ့တယ်လို့ဖော်ပြထားပါတယ်။
ရုရှနိုင်ငံကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(Security Council of the Russian Federation)ဟာရုရှားနိုင်ငံရဲ့အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနဲ့ မဟာဗျူဟာမြောက် ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချရာမှာ သမ္မတကို အနီးကပ်အကြံပေးရတဲ အဆင့်မြင့်ဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။ရုရှားသမ္မတ ဗလာဒီမာပူတင်ကဦးဆောင်ပါတယ်။ဒုသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အစိုးရအဖွဲ့ရဲ့ အရေးပါသူတွေ ဖွဲ့စည်းထားတာပါ။ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ Sergei Shoigu ကိုတောင် စစ်ခေါင်းဆောင်က ထွက်တွေ့နိုင်ခြင်းမရှိတာ အရမ်းထူးခြားနေတယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။
“ ရုရှားလို Super Power အင်အားကြီးနိုင်ငံရဲ့ ကာလုံ အတွင်းရေးမှုး မြန်မာနိုင်ငံရောက်လာတာ ပွဲကြိုက်ခင် မအလ ထွက်တွေ့တာခုထိ မတွေ့သေးဘူးဆိုတာက ဘာဖြစ်လို့တုန်း” လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ နေပြည်တော် သတင်းရင်းမြစ်တစ်ဦးကလည်း “ သူတို့လုပ်တဲ့ ရွေးကောက်ပွဲပြီးလို့ လူမြင်ကွင်းမှာ ရှိနေရမယ့်အချိန်အခုလိုပျောက်နေတာက စစ်တပ်ထဲမှာတောင် ထင်ကြေးအမျိုးမျိုးပေးနေကြပြီ။ တကယ်ပဲဒဏ်ရသွားတာလား ဒါမှမဟုတ် အစိုးရအဖွဲ့ဖွဲ့ဖို့မှာ သမ္မတနေရာအတွက် ဘယ်လိုလုပ်ရမှန်းမသိလို့ စစ်အုပ်စု အချင်းချင်းကြားမှာ ပြဿနာတက်နေတာလားဆိုတာ စဉ်းစားစရာဖြစ်လာပြီ” လို့ ပြောပါတယ်။
မနေ့က ရောက်လာတဲ့ ရုရှကိုယ်စားလှယ်အဖွဲ့တွေကို စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းလည်းတွေ့ဆုံခဲ့ခြင်းမရှိပါဘူး။
“ ဘာမှန်းပြောရခက်ပေမယ့် နေပြည်တော်မှာ တခုခုဖြစ်နေပါပြီ” လို့အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။
သီးခြားအတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ဇန်နဝါရီလ၂၇ရက်နေ့က မန္တလေးနန်းတွင်း လပခတိုက်ခိုက်ခံရမှုအပြီးမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်လင်းနိုင်စိုးကို စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ရုရှအပါအဝင် နေပြည်တော်ကိုလာတဲ့ နိုင်ငံအချ်ို့က အစိုးရအဖွဲ့တွေကို ဒုညွှန်ချုပ်အဆင့်ကိုတောင် ကိုယ်တိုင်တွေ့ဆုံခဲ့သူပါ။ ၂၀၂၅ခုနှစ်မေလမှာ ရုရှားနိုင်ငံရဲ့ အာကာသဆိုင်ရာ လုပ်ငန်းစဉ်တွေလုပ်ဆောင်နေတဲ့ Roscosmos State Space Corporation ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ကို ကိုယ်တိုင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အခုတော့ ရုရှအစိုးရ ကိုယ်စားလှယ်အဖွဲ့ကိုတောင် ထွက်မတွေ့ခြင်းကမန္တလေးနန်းတွင်းက လပခတိုက်ခိုက်ခံရမှုမှာအမှန်တကယ်ဒဏ်ရာရသွားတာဖြစ်နိုင်တယ်လို့လည်း စစ်တပ်အငြိမ်းစာအရာရှိတစ်ဦးကပြောပါတယ်။
မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပနေစဉ် ဇန်နဝါရီလထဲနဲ့ ဇန်နဝါရီလ၂၇ရက်နေ့မတိုင်ခင်အထိ မန္တလေး၊ရှမ်းပြည်နယ်၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့ကို သွားခဲ့တာပါ။ ဒါပေမယ့်ဇန်နဝါရီလ၂၇ရက်နေ့နောက်ပိုင်းမှာ လူမြင်ကွင်းကိုထွက်မလာတာဖြစ်ပါတယ်။အာဏာသိမ်းခေါင်းဆောင်ဟာ ဇန်နဝါရီ ၂၆ ရက်မှာ ထိုင်းသံအမတ်ကိုတွေ့ဆုံတဲ့သတင်းထုတ်ပြန်မှုနောက်ပိုင်း ဇန်နဝါရီ ၂၇ ရက်ကနေ စစ်တပ်ဝါဒဖြန့် မီဒီယာ အားလုံးမှာပါ သတင်းမဖော်ပြတော့ပဲ လူမြင်ကွင်းကပျောက်နေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်လူမြင်ကွင်းကိုထွက်မလာတာက ပြည်သူလူထုကြားမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုဆွေးနွေးနေတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ တရုတ်သမ္မတနဲ့တရုတ်စစ်တပ်ကြားကအားပြိုင်မှု၊ ကမ္ဘာကျော်မှုခင်းဖြစ်တဲ့ အက်ပ်စတိန်းအရှုပ်တော်ပုံ၊ပြည်တွင်းမှာဆိုရင်လည်းအိမ်ထောင်ရေးဖောက်ပြန်မှုအတင်းအဖျင်းသတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံခဲ့တဲ့ကြားကနေ စစ်ခေါင်းဆောင်ပျောက်ဆုံးနေတဲ့သတင်းက လူပြောများခဲ့ပါတယ်။
ရန်ကုန်မြို့ကအိမ်ထောင်ရှင်တဦးကတော့ အခုလိုမှတ်ချက်ပြုပါတယ်။
“ မင်းအောင်လှိုင် မသေပါစေနဲ့အုံး။ သေသွားလို့မဖြစ်ဘူး။ ပြည်သူလူထုကိုယ်တိုင် ပြစ်ဒဏ်စီရင်ပြီးမှ သေရမယ့် အကောင်” လို့ ဆိုပါတယ်။ ။

















































