Scorpio/People’s Spring
တပို့တွဲလပြည့်ကျော်တစ်ရက်နေ့ ဆောင်းမနက်ခင်းရဲ့ အေးစိမ့်နေတဲ့ရာသီဥတုကြားမှာပဲ ဖားကန့်မြို့မှာ လက်နက်ကြီးသံတွေဟာ အုန်းအုန်းထနေပါတယ်။ မခင်(အမည်လွှဲ)ဟာ ကြားနေရတဲ့အသံတွေကြောင့် ကျောင်းပို့ထားတဲ့ သူ့ကလေးလေးအတွက် စိုးရိမ်လာပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ သူ့ကလေးတက်နေတဲ့ ဖားကန့်မြို့ပေါ်က အထက်တန်းကျောင်းပေါ် လက်နက်ကြီးကျလို့တဲ့။
မခင်ဆိုင်ကယ်အမြန်ထုတ်ပြီး ကျောင်းဆီမောင်းသွားတယ်။ “ ဆိုင်ကယ်လည်း ဒုန်းစိုင်းမောင်းတာ ကလေးတွေဘာမှမဖြစ်ဘဲ ကိုယ်က လမ်းပေါ်နဲ့တင်အက်ဆီးဒင့်ဖြစ်မသွားတာကံကောင်းတယ်” လို့ မခင်က ပြောပြတယ်။
မခင်လိုပဲ လမ်းပေါ်မှာ ကလေးမိဘတွေ ပူပန်နေတဲ့မျက်နှာတွေနဲ့ ကျောင်းဆီ အပြေးသွားနေကြတယ်။ မခင်ကျောင်းကို ရောက်ပါပြီ။ ကျောင်းထဲမှာ ကလေးမိဘတွေကော ကလေးတွေရော ပြေးလွှားနေကြတယ်။ ကိုယ့်ကလေး ကျောပိုးပြေးသူပြေးတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြေးသူက ပြေးတယ်။

Public Service Announcement
ကျောင်းအဆောက်အအုံတစ်ခုလည်း လက်နက်ကြီးကျလို့ ပျက်စီးနေတာ တွေ့လိုက်ရတယ်။ မခင် ခြေမကိုင် လက်မကိုင်မိဖြစ်နေတယ်။ ရင်တွေလည်းတုန်နေတယ်။ မျက်ရည်တွေလည်း စို့တက်လာတယ်။
မခင်ရဲ့ကလေးကတော့ အန္တရာယ်ကင်းခဲ့ပါတယ်။ သို့ပေမဲ့ တခြား ကလေးနှစ်ယောက်ကတော့ အန္တရာယ်မကင်းခဲ့ပါဘူး။
“ KGခန်းထဲတည့်တည့်ကျတာ။ကလေးတွေကျောင်းပိတ်ထားလို့ ဖြတ်သွားတဲ့G4(စတုတ္ထတန်း)နှစ်ယောက်ထိတာ” လို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။ထိသွားတဲ့ကလေးနှစ်ယောက်က ၁၀ နှစ်ဝန်းကျင် ယောကျာ်းလေးတစ်ဦး၊ မိန်းကလေးတစ်ဦးဖြစ်ပါတယ်။
လက်နက်ကြီးကြောင့် ဦးခေါင်းပါထိသွားတဲ့ သမီးကလေးရဲ့ ခေါင်းပေါ်မှာဆိုရင် ပတ်တီးဖြူဖြူတွေဟာ ထူထူထဲထဲကြီး နေရာယူထားတယ်။ ပတ်တီးဖြူပေါ်မှာ သွေးကလေးတောင် စို့နေတယ်။ သမီးလေး မျက်နှာနုနုကလေးပေါ်မှာလည်း ပေါက်ပြဲဒဏ်ရာတွေက မျက်နှာပြင်အနှံ့။ ရင်ဘတ်၊ လက်မောင်း၊လက်နှစ်ဘက်နဲ့ ခြေထောက်မှာလည်း ဒဏ်ရာတွေ အပြည့်။နောက်ထပ် ဒဏ်ရာရတဲ့ သားကလေးကလည်း ဦးခေါင်းထိသွားခဲ့ပါတယ်။
ကလေးနှစ်ယောက်ဟာ ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံယူနေတယ်လို့ ဖားကန့်အခြေစိုက် ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်းက အသိပေးထားပါတယ်။
ဖားကန့်မြို့မှာ စစ်တပ်က ရွေးကောက်ပွဲလုပ်ခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး စာသင်ကျောင်းပေါ် လက်နက်ကြီးကျတဲ့အထိ ပြင်းထန်လာတာဖြစ်ပါတယ်။
“ မြို့တွင်းနဲ့ မြို့ပြင် ပစ်ကြတာခုက” လို့ ဖားကန့်ဒေသက လူငယ်တစ်ဦးက ပြောပါတယ်။ အခုဖြစ်စဥ် ကတော့ ဘယ်အဖွဲ့ရဲ့ပစ်ခတ်မှုဆိုတာ မသိရသေးပါဘူး။
“ kGတွေ အတန်းပိတ်ထားလို့။ မဟုတ်ရင် မတွေးရဲ စရာ” လို့ ဒေသခံတစ်ဦးက ပြောလိုက်ပါတယ်။

















































