Scorpio/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။
အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ မုံရွာမြို့မှာ စစ်တပ်က လူငယ်မှန်သမျှ ပေါ်တာဆွဲတာ ပိုပိုပြီးသောင်းကျန်းလာတာကြောင့် လူငယ်တွေအပြင်မထွက်ရဲရာကနေ ဒလီဗာရီဝန်ထမ်းတွေဟာ လူကြီးပိုင်းတွေ ဖြစ်လာတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
“ ဒလီတွေဆိုရင်အသက်လေးဆယ်ကျော်တွေချည့်ပဲ။ ဒလီအယောက်ငါးဆယ်လောက်မှာလေးဆယ်လောက်ကလူကြီးတွေ။” လို့ မုံရွာမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒလီဗာရီတွေကိုပါ ပေါ်တာဆွဲနေတာကြောင့်မိဘတွေဟာကိုယ့်သားသမီးမပါဖို့အရေးသားသမီးက ပစ္စည်းဝင်ပို့လာရတာဖြစ်ကြောင်းမြို့ခံတွေက ပြောပြပါတယ်။
“ အခုဘယ်ဒလီဖြစ်ဖြစ်လူကြီးတွေချည့်ပဲ။သားသမီးတွေအစား မိဘတွေကဆွဲတော့တာ။” လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
Royal Express လို နာမည်ကြီး ဒလီလုပ်ငန်းတွေက ဝန်ထမ်းတွေတော့ မဖမ်းဘဲ နာမည်သိပ်မရှိတဲ့လုပ်ငန်းက ဒလီဝန်ထမ်းတွေကိုတော့ ဖမ်းဆီးလေ့ရှိတယ်လို့ မြို့ခံအချို့က ဆိုပါတယ်။
မုံရွာမြို့ပေါ်တင်မက မုံရွာစက်မှုဇုန်ဘက်မှာလည်း စစ်တပ်က စောင့်ဖမ်းနေလို့ မနက်ပိုင်းတစ်ပိုင်းတည်းသာ အလုပ်ခိုင်းလို့ရပြီး နေ့ခင်းအလုပ်နားလိုက်ရတယ်လို့ အလုပ်သမားအချို့က ပြောပြပါတယ်။
“ စက်မှုဇုန်ကနေ့ခင်းတစ်နာရီလောက်ဆိုသရဲခြောက်ပြီ။ဘယ်သူမှမရှိတော့ဘူး။စက်မှုဇုန်ထဲမှာ လမ်းကြိုလမ်းကြားကနေ စောင့်ဖမ်းတာ” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
“ ဖမ်းဆီးမှုတွေက သာမန်ပြည်သူတွေတင်မကဘဲ Non CDM ဝန်ထမ်းတွေရဲ့ဆွေမျိုးသားချင်းတွေပါ ပါဝင်လာတယ်လို့လည်း မြို့ခံအချို့က ပြောပါတယ်။ အဲဒီလို ဝန်ထမ်းမိသားစုဆိုရင် ပြန်လွှတ်ပေးပေမဲ့ စစ်မှုထမ်းပါ့မယ်ဆိုတဲ့ ခံဝန်ကတိလက်
မှတ်ထိုးမှသာ ပြန်လွှတ်ပေးကြောင်း မြို့ခံအချို့က ပြောပါတယ်။
“ နောက်၂နှစ်နေရင် စစ်မှုထမ်းပါမယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွတ်လာတာ။” လို့ ပြန်လွတ်လာတဲ့ လူငယ်တဦးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သို့ပေမဲ့ ပေါ်တာမဆွဲတဲ့ ခြွင်းချက်နေရာတစ်ခုတော့ ရှိပါတယ်။ ဟုတ်ပါတယ် ဘီယာဆိုင်ပါ။ “ ဘီယာဆိုင်တွေ ဘယ်တော့မှမဖမ်းဘူး။” လို့ မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ အိမ်စီးကားတွေနဲ့လှည့်လည်ကာ ပေါ်တာဆွဲနေတာဖြစ်ပြီး ကားတွေ အမျိုးမျိုးလဲကာ ပေါ်တာဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။
တစ်ရက်ကို သုံးဆယ်ဝန်းကျင် ပေါ်တာဆွဲခံနေရတယ်လို့ Monywa Revolution အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
“ တစ်ဖွဲ့ကို၂ စီး၃ စီး ကားတွေကလည်းအမျိုးမျိုး။ အရင်ကတော့ ကားတွေကမှတ်မိတယ်။ အခုက ကျကမသိတဲ့ကားတွေ အများကြီးပဲ” လို့ မုံရွာမြို့ခံ အမျိုးသားက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ မြေပြင်သတင်းတွေကို အထူးဂရုစိုက် နားစွင့်ပြီး သွားလာသင့်ပြီး စစ်အုပ်စုရှိတဲ့ နေရာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကွင်းသွားလာကြဖို့ Monywa Revolutionက သတိပေးပါတယ်။
မထွက်တဲ့သူတွေမထွက်ပေမယ့် ၁၈၊ ၁၉ အရွယ် ဆယ်ကျော်သက်လေးတွေကတော့ ထွက်နေကြတဲ့အတွက် ပေါ်တာဆွဲခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ ၂၃၊ ၂၄ အရွယ်တွေကမထွက်ကြဘူး ၁၆၊ ၁၇ လေးတွေက နားမလည်တော့ထွက်ကြတာ အကုန်ပါတာ” လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မုံရွာက ပေါ်တာသတင်းတွေဟာ အခုမှပြန်သောင်းကျန်းတာမဟုတ်ဘဲ လိုင်းပေါ် မရောက်လို့ လူမသိခဲ့တာဖြစ်ကြောင်းမုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“ မုံရွာမှာ ပေါ်တာ ဆွဲတယ်ပြောရင် ရယ်စရာကြီး တကယ်မဟုတ်ဘူးထင်ကြတာ။ ပေါ်တင်ပဲဆွဲနေတာ” လို့ မုံရွာမြို့ခံက ပြောပါတယ်။
အခုဆိုရင် မုံရွာမှာ စျေးဆိုင်တွေ အရင်ကညနေစောစောပိတ်ရပေမဲ့အခုတော့နေ့လယ်ခင်းတောင် လာဝယ်သူမရှိလို့ ရောင်းအားတွေကျနေတယ်လို့ မုံရွာမြို့ပေါ်က စျေးဆိုင်ဖွင့်ထားသူတစ်ဦးကပြောပါတယ်။
“ ပစ္စည်းတွေသာ ဝယ်ဝယ်ဖြည့်နေရပေမဲ့ စျေးကတနေကုန်လို့မှ ဘယ်လောက်မှမရောင်းရဘူး” လို့ စျေးဆိုင်ဖွင့်ထားတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ ယခင်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတွေရှိလို့ စစ်အုပ်စု အခုလို ခေါင်းမထောင်နိုင်ခဲ့ပါဘူး။ အခုအခါမှာတော့ မြို့ပေါ်စစ်ဆင်ရေးတွေနည်းလာတဲ့အတွက် စစ်အုပ်စု ပိုမိုသောင်းကျန်းလာတာဖြစ်နိုင်ကြောင်းမြို့ခံအချို့ကပြောပါတယ်။
“ မြို့ပေါ်တွေမှာ စခတွေက ပိုပြီး တင်းကျပ်လာတာမှန်ပေမဲ့ UGကနေတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့မှုက မရှိသလောက်ဖြစ်လာတာ” လို့ မုံရွာအခြေစိုက် ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီလထဲမှာ စစ်မှုထမ်း အပတ်စဥ်၂၁ကိုစတင်နေပြီးဖြစ်ပြီးအပတ်စဥ်၂၂ အတွက် စစ်မှုထမ်းတပ်သားသစ်တွေ ထပ်မံစုဆောင်းနေတာဖြစ်ပါတယ်။
အခုဆိုရင် စစ်ကောင်စီတပ်ဟာ မုံရွာမြို့ပေါ်မှာ ယောကျာ်းမှန်သမျှ အကုန်ဆွဲနေတာကြောင့် မိန်းမသားတွေက အိမ်ပြင်ထွက်အလုပ်လုပ်ရပြီး ယောက်ျားသားတွေက အိမ်ထဲအောင်းနေရတယ်လို့လည်း မုံရွာမြို့ခံအချို့က ဆိုပါတယ်။
“ အိမ်ထဲမှာပဲ အိမ်မှုကိစ္စလုပ်ရင်း နေလိုက်ရတယ်” လို့ အသက် ၃၀ အရွယ် အိမ်ထောင်သည်အမျိုးသားတစ်ဦးက ပြောလိုက်ပါတယ်။

















































