မတ်-၉၊၂၀၂၆။သုည၊တာရာ/People’s Spring
ရန်ကုန်မြို့မှာ စက်သုံးဆီချွေတာရေးဆိုကာ မော်တော်ယာဉ်တွေကို စုံ၊ မ နေ့ရက်အလိုက် မောင်းနှင်ဖို့စစ်ကောင်စီထုတ်ပြန်ချက်ကို အကြောင်းပြပြီး ယာဉ်ထိန်းရဲတွေက ကားတွေကို တားဆီးစစ်ဆေးကာ အကြောင်းမျိုးစုံပြ စစ်ဆေးငွေညှစ်နေတယ်လို့ ရန်ကုန်မြို့က ယာဉ်မောင်းသမားတွေက ပြောပါတယ်။
မတ်လ ၇ ရက်ကစတင်ကာ စစ်ကောင်စီက စက်သုံးဆီချွေတာရေး စီမံချက်ဟုဆိုကာ ကားနံပတ်ပြားအလိုက် စုံရက်၊ မရက် သတ်မှတ် ယာဉ်မောင်းနှင်ဖို့ အမိန့်ထုတ်ထားပါတယ်။ ယင်းထုတ်ပြန်ချက်မှာ မတ်လ ၁၃ ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်က စတင်ကာ ထောင်ဒဏ်တစ်လနဲ့ ငွေဒဏ်၂သောင်း ချက်ချင်းချမှတ်အရေးယူမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
စုံ၊ မ စနစ်ကို အကြောင်းပြပြီး ယာဥ်ထိန်းရဲတွေက ငွေညှစ်နေတာ ဖြစ်ကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
“ရန်ကုန်မှာ မော်တော်ပီကယ်တွေက စုံ၊ မ ခွဲပြီး မနက်အစောထဲက ထဖမ်းနေပါတယ်။ အရင်က ကလေးကျောင်းချိန် ၇ နာရီ ပို့ချိန်ဆို မော်တော်ပီကယ်တွေ မတွေ့ရပေမယ့် အခုမနက် ကလေး ကျောင်းသွားပို့တာကို အစောကြီး ထဖမ်းတာ ကြုံရပါတယ်။ ပြောတော့ ပညာပေးကာလဆိုပြီး အခုက မ ရက်မှာ စုံ ကား ထွက်လို့ဆိုပြီး ဒဏ်ငွေ ၂ သောင်း အတင်းတောင်းပါတယ်။ ပညာပေးကာလပြီးရင် ဒဏ်ငွေနဲ့တင် မရတော့ဘူး ထောင်ဒဏ် တစ်လပါ ချမယ် ဆိုပြီး ခြိမ်းခြောက်ပါတယ်” လို့ ဗဟန်းမြို့နယ်မှာ ယာဥ်ထိန်းရဲဖမ်းဆီးခံခဲ့ရသူ ပြည်သူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့ စုံ၊မ နေ့ရက်အလိုက် မော်တော်ယာဉ်တွေမောင်းနှင်ဖို့ ကြေညာချက်ကြောင့် ကလေး ကျောင်းကြိုပို့လုပ်ရတဲ့ ကျောင်းသားမိဘတွေဟာ အခက်တွေ့နေရတယ်လို့လည်း ဆိုပါတယ်.
“မနက်က ကလေးကျောင်းသွားပို့တာ တက္ကသိုလ်ရိပ်သာလမ်းဘက်မှာ အဖမ်းခံရတယ်။ ကျောင်းသားမိဘဖြစ်ကြောင်း ကျောင်းရဲ့ထောက်ခံချက်ရော၊ ကျောင်းတွင်းဝင်ခွင့်ကတ်တွေရော ပြတာတောင် မရဘူး။ အစိုးရကျောင်း မဟုတ်ဘဲ ပုဂ္ဂလိကကျောင်းကို ပို့တာမို့ မရဘူးလို့ ပြောတယ်။ အခု ကလေးကျောင်းကြိုပို့တောင် အခက်တွေ့နေတယ်။ လာမယ့် ၁၁ ရက်ဆို ကလေးတွေ စာမေးပွဲ ရှိတာ Taxi နဲ့ အသွားအပြန် လုပ်ရဖို့ များပါတယ်” လို့ ရန်ကင်းမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကလေးကျောင်းကြိုပို့ဖို့ Taxi လိုအပ်နေကြောင်း ကျောင်းသားမိဘအချို့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြနေတာတွေလည်း တွေ့ရပါတယ်။
” မနက်မိုးလင်းကတည်းက လမ်းပေါ်ရောက်နေကြတာ။ လမ်းပိတ်ရင်သူတို့မရှိဘူး။ အခုကျတော့ မိုးမလင်ခင်ကတည်းက ပိုက်ဆံတောင်းနေတာ။ မ ရက်မှာ စုံကားတွေထွက်ရင်တောင်းတယ်။ စုံရက်မှာ မ ကားတွေထွက်ရင်လည်း အဲဒီလိုပဲ။ ယာဉ်ထိန်းရဲတွေကို လုပ်ပိုင်ခွင့်အပြည့်အဝ ပေးလိုက်တာ။ ပညာပေးလည်းပြောသေးတယ်။ အလကား ပိုက်ဆံတောင်းတာ” လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လမ်းပေါ်တွေမှာ ပညာပေးဆိုပြီး အုပ်စုဖွဲ့ကာ ကားတွေကို အတင်းအဓမ္မငွေတောင်းခံနေတာလည်းဖြစ်ပါတယ်။
စုံ/မ စနစ်ကို မလိုက်နာဘဲ မောင်းနှင်သူတွေကိုရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့ကနေအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ အလုပ်မဲ့ထောင်ဒဏ် (၁) လ၊ ငွေဒဏ် ကျပ် (၂) သောင်း ဒဏ်နှစ်ရပ်လုံး ချမှတ်သွားမှာဖြစ်ပါတယ်။

















































