မတ်-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတ ဖြစ်လိုမှုကြောင့် အသက်သေဆုံးဘ၀ပျက်ခဲ့ကြရသူများစွာ ရှိပြီး အောက်ခြေစစ်သည်တွေ မိသားစုနဲ့ဆုံနိုင်ဖို့ မျှော်လင့်ချက်တွေ ဝေးသထက်ဝေးနေရဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစရဲ့ “ ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ် မတ်လ ဒုတိယ ပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အလင်းဝင်၊လက်နက်ချ စစ်သုံ့ပန်း အရေအတွက်ကို အသိပေးထုတ်ပြန်စဉ် အခုလို ထုတ်ပြန်ခဲ့တာပါ။
“စစ်ခေါင်းဆောင်ရဲ့ သမ္မတကြီးအိပ်မက်က နီးသထက်နီးလာချိန်မှာ အောက်ခြေစစ်သည်တွေရဲ့ မိသားစုပြန်တွေ့ဆုံနိုင်ရေးမျှော်လင့်ချက်တွေကတော့ ဝေးသထက်ဝေးလာခဲ့ပါပြီ။ ဘယ်သူသေသေ ငတေ သမ္မတဖြစ်ရင်ပြီးရော ဆိုတဲ့ စစ်အာဏာသိမ်းရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက် စတေးခဲ့ရတဲ့အသက်တွေ၊ ပြာကျခဲ့ရတဲ့အိမ်တွေ၊ စီးခဲ့ရတဲ့သွေးတွေ၊ ကျခဲ့ရတဲ့ မျက်ရည်တွေ၊ ပျက်သွားခဲ့ရတဲ့ ဘဝတွေ ဘယ်လောက်တောင် ရှိနေခဲ့ပြီလဲ” လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Public Service Announcement
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ မတ်လ ဒုတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၁ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လ ဒုတိယပတ်အထိ စာရင်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၉၇၆ဦး အလင်းဝင်ပူးပေါင်းတာ၊ လက်နက်ချတာ ၊ စစ်သုံ့ပမ်းအဖြစ် ဖမ်းမိတာရှိတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ မီဒီယာတွေမှာ ဖော်ပြထားတာကို စုစည်းခဲ့တာဖြစ်ပြီး မြေပြင်မှာ အခုထက် အရေအတွက် ပိုများနိုင်ပါတယ်။
ပြည်သူ့ပန်းတိုင်ရဲ့ ဖေဖော်ဝါရီ တတိယပတ် ဖော်ပြချက်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က တနိုင်ငံလုံး နေရာအနှံ့ ဗုံးကြဲပြီး တော်လှန်ရေးမီးတောက်ကို အရှိန်မြှင့် ပေးနေဆဲဖြစ်လို့ အောက်ခြေစစ်သည်တွေ အိမ်ပြန်ရေး ဝေးသထက်ဝေးလာကြောင်း အသိပေးကာ ရှင်ကျန်ရေး ခက်ခဲလာတဲ့ အခြေအနေမှာ အခွင့်သာတာနဲ့ ပြည်သူထံ လက်နက်ချ ပူးပေါင်းဖို့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ပန်းတိုင်က တိုက်တွန်းခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲ ပြီးရင် နိုင်ငံရေး ကောင်းမယ် ငြိမ်းချမ်းမယ်ဆိုပြီး ဝါဒဖြန့်လိမ်ညာထားတာဖြစ်ပါတယ်။





















































