မတ်-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ချင်းပြည်နယ်အစည်းအဝေးကျင်းပရာ နေရာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု ရုပ်သံကို CDF ဟားခါးက အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ မတ်လ ၂၀ရက်မှာ ချင်းပြည်နယ်လွှတ်တော်အစည်းဝေး စတင်ကျင်းပနေတာဖြစ်ပါတယ်။ အဲဒီ ကျင်းပတဲ့ နေ့မှာပဲ CDF ဟားခါးက အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးရှိနိုင်တာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
CDF Hakha Support Team of North America က ထုတ်ပြန်တဲ့ ရုပ်သံမှာ ဒရုန်းလာလို့ ပြေးလွှားနေတဲ့ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံရှေ့က စစ်ကောင်စီ ဘက်တော်သား ၇ဦးထက်မနည်းရှိတဲ့နေရာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို အဆောက်အအုံရှေ့ ရပ်ထားတဲ့ ကား တစီးကိုလည်းဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် လွှတ်တော်အဆောက်အအုံအနီး နေရာအချို့၊ လွှတ်တော်ခေါင်မိုးပေါ် တပ်ဆင်ထားတဲ့ ဂျန်ဘာ၊ အဆောက်အအုံ ခေါင်မိုးပေါ်လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတို့ကိုလည်း အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံအနီးတဝိုက် ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
CDF ဟားခါးဟာ အရင်ကလည်း စစ်ကောင်စီတပ်တွေကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၀ရက်က ဟားခါးမြို့မှာ စစ်ကောင်စီက (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပစဉ်ကလည်း ဒရုန်းနဲ့တိုက်ခိုက်ခြ့ပါတယ်။
အဲဒီ အခမ်းအနားကို စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက် ခဲ့တာဖြစ်ပြီး အခမ်းအနား ကျင်းပရာနေရာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထွက်ပြေးသွားတယ်လို့ CDF ဟားခါးက ဒရုန်းတိုက်ခိုက်မှု ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးပါတယ်။
CDF ဟားခါးအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ကျောထောက်နောက်ခံ ပြုနေတဲ့ ဘယ်သူ့ကို မဆို အရေးယူဆောင်ရွက်မယ်လို့လည်း အသိပေးထားပါတယ်။
ဟားခါးမှာ စစ်တပ်လုပ်တဲ့ပြည်နယ်လွှတ်တော်ကျင်းပရာနေရာကို ဒရုန်းနဲ့တိုက်ခိုက်မှု CDFထုတ်ပြန် မတ်-၂၁၊ ၂၀၂၆။…
Posted by People's Spring on Friday 20 March 2026
ရုပ်သံ – CDF-Hakha Support Team of North America




















































