Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားတပ်တွေ ရုပ်သိမ်းပေးရင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ချက်ချင်းစနိုင်မယ်လို့ ယူကရိန်း သမ္မတဆို

ရုရှားက ယူကရိန်းမှာ အထူးစစ်ဆင်ရေး (အော်ပရေးရှင်း)တစ်ခု ဆင်နွှဲတာသာ ဖြစ်တယ်လို့ တရားဝင် သုံးနှုန်းနေတာကို ငြင်းဆိုပြီး စစ်ပွဲအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။

ရုရှားတပ်တွေ ရုပ်သိမ်းပေးရင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ချက်ချင်းစနိုင်မယ်လို့ ယူကရိန်း သမ္မတဆို
ရုရှားတပ်တွေ ရုပ်သိမ်းပေးရင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ချက်ချင်းစနိုင်မယ်လို့ ယူကရိန်း သမ္မတဆို

ရုရှားတပ်တွေ ဆုတ်ခွာပေးမယ် ဆိုတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်ဖို့ လက်ကမ်းမှာ ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း တပ်တွေဟာ ခရိုင်းမီးယား ကျွန်းဆွယ် အပါအဝင် လက်ရှိ ရုရှား ထိန်းချုပ်ထားရာ နယ်မြေတွေ အားလုံးက ဆုတ်ခွာပေးတဲ့အပြင် တချို့သော နယ်မြေတွေကိုပါ ထပ်မံ စွန့်လွှတ်မှ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ ပြောခဲ့ဖူးပါတယ်။

အခု ဇီလန်စကီးရဲ့ အဆိုပြုချက်ကတော့ ယူကရိန်း ပိုင်နက်ထဲက ရုရှားတပ်တွေ အားလုံး ရုပ်သိမ်းပေးရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တာကြောင့် နှစ်ဖက် တောင်းဆိုမှုတွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး ညှိနှိုင်းလို့ မရနိုင်တဲ့ အခြေအနေဆီ ဦးတည်နေဆဲပါ။

ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဇီလန်စကီးက ပူတင်ဟာ စစ်ပွဲကို စိတ်လိုလက်ရ ရပ်ဆိုင်းမယ့်သူ မဟုတ်ကြောင်း၊ ယူကရိန်းဟာ စစ်ကို ရပ်တန့်ဖို့ စစ်ရေးအရရော၊ သံတမန်ရေး အရပါ စွမ်းနိုင်သမျှ ကြိုးစားနေမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အနောက်မဟာမိတ် နိုင်ငံတွေက စုပေါင်းထောက်ပံ့နေရုံ သက်သက်နဲ့ စစ်ပွဲကို အနိုင်ရနိုင်စရာ မရှိကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အနေအထားအရ နိုင်ငံတကာဟာ ယူကရိန်းကို ပစ်ပယ်မထားသေးဘူး ဆိုတာကို နားလည်မိလို့ အားတက်မိကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

အစည်းအဝေးမှာတော့ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုတဲ့ နိုင်ငံတော်တော်များများက ပါဝင် တက်ရောက်ခဲ့ပါတယ်။ အနှစ်ချုပ် ကြေညာချက်မှာတော့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ကျယ်ပြန့်တဲ့ ထိခိုက်ပျက်စီးမှု၊ နစ်နာမှုတွေအတွက် ရုရှားကို အဓိက အပြစ်တင် ဝေဖန်ထားတာ တွေ့ရပါတယ်။

ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဆွေးနွေးပွဲကို နိုင်ငံနဲ့ အဖွဲ့စုစုပေါင်း ၉၀ ကျော်က ချိတ်ဆက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ရုရှားကို ဖိတ်ကြားမထားသလို ရုရှားရဲ့ အဓိက မိတ်ဆွေရင်းချာ စူပါပါဝါနိုင်ငံ တရုတ်လည်း မတက်ရောက်ခဲ့ပါဘူး။

ဆွစ်ဇာလန်နိုင်ငံရဲ့ အပန်းဖြေ မြို့တစ်ခုဖြစ်တဲ့ ဘာဂျန်စတော့ခ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ယူကရိန်းရဲ့ အနီးကပ် အားပေးထောက်ခံသူတွေ မဟုတ်တဲ့ ဆော်ဒီအာရေးဘီးယား၊ ကင်ညာတို့ပါ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဆော်ဒီဟာ စစ်ပွဲ ရပ်ဆိုင်းချင်ရင် ယူကရိန်း အနေနဲ့ ခက်ခဲပေမယ့် လိုအပ်တဲ့ အပေးအယူတွေ လုပ်ကို လုပ်ရမယ်လို့ မှတ်ချက် ပေးထားဖူးသလို ကင်ညာကလည်း ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ မြှင့်တင်တာကို ကန့်ကွက်ထားတဲ့ နိုင်ငံပါ။

နောက်ဆုံးအတည်ပြု ကြေညာချက်မှာတော့ ရုရှားတပ်တွေ လောလောဆယ် ထိန်းချုပ်ထားရာ ဇာပိုရစ်ဇီရာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ယူကရိန်းဆီ ပြန်လည် လွှဲအပ်ဖို့ တောင်းဆိုမှုလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားက ယူကရိန်းမှာ အထူးစစ်ဆင်ရေး (အော်ပရေးရှင်း)တစ်ခု ဆင်နွှဲတာသာ ဖြစ်တယ်လို့ တရားဝင် သုံးနှုန်းနေတာကို ငြင်းဆိုပြီး စစ်ပွဲအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။

ဇီလန်စကီးက အစည်းအဝေး တက်ရောက်တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူက ရုရှားတပ်တွေ ယူကရိန်း ပိုင်နက်ထဲက ဒီနေ့ရုပ်သိမ်းရင် မနက်ဖြန် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူက တရုတ်ကို ယူကရိန်းရဲ့ ရန်သူအဖြစ် သဘောမထားကြောင်းလည်း ထပ်လောင်း ပြောဆိုသွားပါတယ်။ တရုတ်ရဲ့ ရပ်တည်မှုနဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ယူကရိန်းက လေးစားကြောင်း၊ တရုတ်ဖက်ကလည်း အလားတူ တုံ့ပြန်မှုမျိုး ပြသတာကို မျှော်လင့်ကြောင်း ဇီလန်စကီးက ဖွင့်ဟသွားပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပူတင်ရဲ့ အဆိုမှာ အရေးကြီးတဲ့ အချက်တွေအဖြစ် လက်ရှိ ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်း နယ်မြေတွေကို ယူကရိန်းက စွန့်လွှတ်ပြီး တပ်တွေ ရုပ်သိမ်းပေးဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေမှုတွေကို ရပ်တန့်ဖို့ ဆိုတာတွေ ပါရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးကလည်း ယူကရိန်းအတွက် မယိမ်းမယိုင် ထောက်ပံ့ပေးနေဆဲ ဖြစ်တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ရုရှား ရေတပ်ဖွဲ့ထဲမှာ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီး ပါဝင်ပေမယ့် အမေရိကန် စစ်ထောက်လှမ်းရေးကတော့ ဘယ်ရေယာဉ်မှ နျူကလီးယား လက်နက်တွေ တင်ဆောင်လာတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြောပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ထဲမှာ အမှုထမ်းရင်း အိန္ဒိယ နိုင်ငံသားနှစ်ဦးဟာ ယူကရိန်း ပဋိပက္ခမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတွက် ဝမ်းနည်းမိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။