မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေအတွက် ကြိုတင် သတ်မှတ်ချက် တစ်ခုအဖြစ် တိုက်ခိုက်မှု အသစ်တွေ အစမပြုဖို့ တောင်းဆိုထားကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးဖို့ သူ့ရဲ့ အားထုတ်နေမှု တချို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဩဂုတ် ၅ ရက်နေ့က ဝန်ကြီးချုပ်နဲ့ သတင်းထောက်တွေ တွေ့ဆုံမှု အစီအစဉ် တစ်ခုမှာတော့ အန်ဝါက မလေးရှား အဆိုပြုထားတဲ့ အချက်က ရိုးရှင်းကြောင်း၊ တိုက်ခိုက်မှု အသစ်တွေကို နှစ်ဖက်စလုံးက မလုပ်ဖို့၊ အပစ်အခတ် ရပ်စဲရေး အခြေအနေတစ်ရပ် အကောင်အထည် ပေါ်လာဖို့ ဆိုတာတွေဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ပြီး ရေရှည် ဖိနှိပ်မှုတွေ ကြုံတွေ့နေခဲ့ရတဲ့ ရိုဟင်ဂျာ အသိုက်အဝန်းရဲ့ လုံခြုံရေး၊ လူမှုဘဝ အဆင်ပြေရေးတွေအတွက် မလေးရှားက ချဉ်းကပ်မယ့် လမ်းကြောင်းတစ်ခုလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။ လတွေ အတော်များများအတွင်း အခုဆိုရင် ရိုဟင်ဂျာတွေဟာ ပထမဆုံးအကြိမ် စိတ်သက်သာရာရတဲ့ အခြေအနေတွေကို ကြုံတွေ့ခွင့် ရနေကြောင်း၊ ဒါပေမဲ့ သီးခြား ပြဿနာ တချို့တော့ အနည်းအကျဉ်း ဆက်ရှိနေကြောင်းလည်း အန်ဝါက ပြောကြားခဲ့ပါတယ်။

Public Service Announcement
အန်ဝါက သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒါတက်ခ် ဆာရီ မိုဟာမက် ဟာဆန်ဟာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ အခုလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ကူညီပေးသွားဖို့ ရှိနေတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးလည်း လိုက်ပါလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အန်ဝါက ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ် ပဋိပက္ခမှာ အပစ်အခတ် ရပ်စဲသွားအောင် ကူညီဖြေရှင်းပေးခဲ့တဲ့နောက် မလေးရှား အနေနဲ့ မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာလည်း အလားတူ အခြေအနေမျိုး ပေါ်ထွန်းလာအောင် ကြားဝင် ညှိနှိုင်းပေးဖို့ အသင့်ရှိနေတယ်လို့ ဝန်ကြီးချုပ်က သတင်းထောက် တစ်ဦးကို ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံကျရင် မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးမှာ ဖြစ်ကြောင်း၊ မြန်မာဖက်ကလည်း အာဆီယံရဲ့ စံနှုန်း သတ်မှတ်ချက်တွေအောက်မှာ ညှိနှိုင်းမှုတွေ ပြုလုပ်သွားရေးအတွက် မလေးရှားနဲ့ ပူးပေါင်းလိုတဲ့ သဘောထားတွေ ပြသထားကြောင်း အန်ဝါက ပြောဆိုသွားပါတယ်။
သူက စစ်ကောင်စီရော၊ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ခေါင်းဆောင်ပိုင်းတွေနဲ့ပါ တွေ့ဆုံခဲ့ကြောင်း၊ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ရည်မှန်းထားတဲ့ အဆင့်တွေအရ နံပါတ် ၁ က အပစ်ရပ်ဖို့၊ နံပါတ် ၂ က လူသားချင်း စာနာမှု အကူအညီတွေ ပြန်လည် ဝင်ရောက်ခွင့်ရဖို့၊ နံပါတ် ၃ က ရိုဟင်ဂျာ မျိုးနွယ်စုတွေ နေထိုင်ရာ ရခိုင်ပြည်နယ်လို ဒေသတွေမှာ တိုက်ခိုက်မှုတွေ ရပ်စဲသွားစေရေး ဆွေးနွေးမှုတွေ ပြန်စဖို့ ဖြစ်တယ်လို့ အန်ဝါက ပြောပါတယ်။
မြန်မာ့ ပြည်တွင်းပဋိပက္ခကို ပြေလည်အောင် ညှိနှိုင်းဖို့ ကြိုးစားနေမှုတွေမှာ အခြေအနေတွေဟာ အရင်ကနဲ့ယှဉ်ရင် အများကြီး တိုးတက်လာနေတယ်လို့လည်း အန်ဝါက သုံးသပ်သွားခဲ့ပါတယ်။
ကိုးကား: New Straits Times
