သြဂုတ်-၆၊၂၀၂၅။လူအေး/People’s Spring
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့မှ တောင်ပေါ်ရွာများတွင်တောင်ကျရေကြီးပြီး မြေပြိုမှုတို့ကြောင့် ရွာလုံးကျွတ်ပျက်စီးမှုများရှိနေပြီး၈ ဦးထက်မနည်းသေဆုံးကာ ပျောက်ဆုံးနေသူအချို့လည်းရှိကြောင်းဒေသခံများထံမှသတင်းရရှိသည်။
သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များအပြင်အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ရေဘေးကြုံတွေ့နေပြီးထီးပူခီးကျေးရွာ၌ အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ဩဂုတ်လ ၄ရက်ညနေမှစ၍တောင်ပေါ်မှ ရေများဆင်းလာပြီး ရွာလမ်းများ၊နေအိမ်များ၊ ချောင်းများကို တိုက်စားသွားခြင်းဖြစ်သည်ဟုသိရသည်။
“ချောင်းသေးသေးလေးကအကျယ်ကြီးဖြစ်သွားတယ်။အိမ်တွေတော်တော်ကိုပျက်တယ်။တောင်ပေါ်ကနေ ရေတွေ ထိုးဆင်းလာတာ။ကျမတို့ သတင်းကြိုမခဲ့ရဘူး” ဟုသံတောင်ကြီးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
တောင်ပေါ်ဒေသများသည် စိုက်ပျိုးရေးဦးစားပေးလုပ်ကိုင်ကြပြီး ယခုရေဘေး၌ တောင်ယာများ၌ နေသူများ ထိခိုက်မှုဆိုးရွားခဲ့ကာ စိုက်ခင်းပျက်စီးမှုအလွန်များခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။
“သက်ကြီးပင်တွေပါမမြင်ရတော့အထိ အခြေအနေဆိုးတယ်”ဟု ဒေသခံတဦးကပြောသည်။
ယနေ့နံနက်ပိုင်းတွင် သံတောင်ကြီးမြို့ပေါ်မှရပ်ကွက်အချို့၌ မြေပြိုမှုအန္တရာယ်ကြောင့် အရေးပေါ်ရွှေ့ပြောင်းရမှုများရှိနေသည်။ထို့အပြင်တောင်ပေါ်ရွာများတွင် မြေများထပ်ပြိုနေ၍ ပျောက်ဆုံးသူများရှာဖွေရေးခက်နေပြီး လုပ်အားပေးအကူအညီနှင့် သောက်သုံးရေအကူအညီ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံသင်းအုပ်ဆရာတော်တစ်ပါးကပြောသည်။
ဩဂုတ်လ ၆ရက်အထိ ရရှိထားသောသတင်းများအရ ရေဘေးနှင့်မြေပြုမှု ဘေးကြုံတွေ့သည့်ကျေးရွာပေါင်း ၆ ရွာထက်မနည်းရှိနေပြီးသေဆုံးသူ၈ဦး အတည်ပြုထားနိုင်ကာ မိသားစုလိုက်ပျောက်ဆုံးနေခြင်းလည်းရှိသည်ဟုသိရသည်။
“၄ဦးက တောင်းပေါ်ရွာမှာ၊ ၄ဦးကကျသံတောင်ကြီးမြို့ပေါ်မှာဒီမနက်မြေပြိုပြီးမိသားစုလိုက်သေဆုံးတာ။ ဒီထက်များနိုင်ပါတယ်”ဟုဒေသခံတဦးကပြောသည်။
လက်ရှိတွင် သံတောင်ကြီးမြို့သို့ဖုန်းလိုင်းဆက်သွယ်ရေးများခက်ခဲနေပြီး တောင်ငူမြို့မှတစ်ဆင့်ဆက်သွယ်နေရကြောင်းသတင်းရရှိသည်။
ယခုရေဘေးသည့်ဩဂုတ်လဆန်းမှစ၍မိုးကောင်းပြီးနောက် ကြုံတွေ့ရခြင်းဖြစ်ပြီး ယင်းမတိုင်မီ ဇူလိုင်လနှောင်းပိုင်းကလည်းတောင်တရုတ်ပင်လယ်မှဝီဖာမုန်တိုင်းအရှိန်ကြောင့်မိုးကောင်းခဲ့စဉ် သံတောင်ကြီးမြို့နယ်အပါအဝင် ကရင်ပြည်နယ်နှင့်ပဲခူးတိုင်းထိစပ် ဒေသများဖြစ်သော တောင်ငူ၊ ညောင်လေးပင်၊ကျောက်တံခါး၊အုတ်တွင်း၊ ဖြူး၊ထန်းတပင်၊ရေတာရှည်မြို့နယ်များ၌ရေဘေးကြုံခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်ရှိကျောက်ကြီး(လယ်ဒို)၊ မုန်း(မူး)မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော်ရေဘေးကြုံနေရသည်ဟု KNUက ထုတ်ပြန်ထားသည်။
လက်ရှိဩဂုတ်လဆန်းကာလအတွင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ဒေသဖြစ်သည့် လိုင်ဇာမြို့၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယမြို့နယ်တို့၌ တောင်ကျရေရုတ်တရက်ကြီးမှုကြောင့်ရေဘေးကြုံတွေ့ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သည်။
ဩဂုတ်လ ၄ ရက်မှ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ဘက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။မိုးသည်းထန်စွာရွာ သွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း နှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကိုသတိပြုကြရန် သတိပေးထားသည်။
