Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်မှာ စာသင်ကျောင်း အားကစားရုံ အမိုးပြိုကျပြီး ကလေးအများစု အပါအဝင် ၁၁ ဦးသေ

လေ့ကျင့်နေတဲ့ ဘော်လီဘော အသင်းမှာ အတန်းမတူတဲ့ ကျောင်းသူတွေ ပါဝင်နေကြောင်း၊ သူတို့ဟာ မကြာသေးခင်ကမှ တခြားမြို့မှာ ပြိုင်ပွဲဝင်ခဲ့ပြီး ကျောင်းကို လောလောလတ်လတ် ပြန်ရောက်နေတာဖြစ်ကြောင်း ကျောင်းနဲ့ နီးစပ်သူ တစ်သီးက ပြောပါတယ်။

တရုတ်မှာ စာသင်ကျောင်း အားကစားရုံ အမိုးပြိုကျပြီး ကလေးအများစု အပါအဝင် ၁၁ ဦးသေ
တရုတ်မှာ စာသင်ကျောင်း အားကစားရုံ အမိုးပြိုကျပြီး ကလေးအများစု အပါအဝင် ၁၁ ဦးသေ

တရုတ်နိုင်ငံက မြို့တစ်မြို့မှာ ကျောင်းအားကစားရုံ အမိုးပြိုကျတာကြောင့် မိန်းကလေး ဘော်လီဘော အသင်းဝင် ကလေးငယ် အများစု အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟိုင်လွန်ဂျီယန် ဒေသက ကျီကျီဟာမြို့ထဲက အမှတ် ၃၄ အလယ်တန်းကျောင်းရဲ့ အားကစားရုံ အမိုးဟာ ဇူလိုင် ၂၃ ရက်က ပြိုကျခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ချိန်တုန်းက အားကစားရုံထဲမှာ ကျောင်းသူတွေ စုထားတဲ့ အမျိုးသမီး ဘော်လီဘော အသင်းက လူစုပြီး လေ့ကျင့်နေခဲ့ပါတယ်။ အားကစားရုံထဲမှာ လူ ၁၉ ဦး ရှိနေခဲ့ရာမှာ ၈ ဦးပဲ အသက်ရှင်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ဒါပေမဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူ စာရင်းကို ကွဲကွဲပြားပြား မထုတ်ပြန်သေးတာကြောင့် စိုးရိမ် စိတ်ပူနေတဲ့ မိဘတွေကို ပိုပြီး သောက ကြီးမားစေခဲ့ပါတယ်။ ကျောင်းဖက်က မပွင့်လင်းမှုနဲ့ ပတ်သက်လို့ မိဘတချို့က ဒေါသတကြီး အပြင်းအထန် ဝေဖန်နေပါတယ်။ အဆောက်အအုံ အမိုး ပြိုကျမှုမှာ အသက်ရှင် ကျန်နေသူ တချို့ကလည်း ဆေးရုံရောက်နေပြီး ဒဏ်ရာ အတိမ်အနက်ကို တိတိကျကျ မသိရသေးပါဘူး။ သတင်းတွေအရ ကယ်ဆယ်ရေးတွေ မရောက်ခင် အပျက်အစီးတွေ အောက်ကနေ ကိုယ်လွတ်ရုန်း ထွက်လာနိုင်သူက ၄ ဦးပဲ ရှိတယ်လို့ သိရပါတယ်။

လေ့ကျင့်နေတဲ့ ဘော်လီဘော အသင်းမှာ အတန်းမတူတဲ့ ကျောင်းသူတွေ ပါဝင်နေကြောင်း၊ သူတို့ဟာ မကြာသေးခင်ကမှ တခြားမြို့မှာ ပြိုင်ပွဲဝင်ခဲ့ပြီး ကျောင်းကို လောလောလတ်လတ် ပြန်ရောက်နေတာဖြစ်ကြောင်း ကျောင်းနဲ့ နီးစပ်သူ တစ်သီးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အရွယ်ရောက်ပြီး လူကြီးတွေရော ပါသလား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။ ဒါပေမဲ့ အပျက်အစီးတွေအောက်ထဲ ပိတ်မိနေခဲ့တဲ့ထဲမှာ ဘော်လီဘော အသင်းရဲ့ နည်းပြလည်း ပါတယ်လို့ အစိုးရ အသံလွှင့် သတင်းဌာန တစ်ခုက ဖော်ပြသွားပါတယ်။

ဇူလိုင် ၂၄ ရက် ညပိုင်းထိ ကလေးတွေရဲ့ မိသားစုဝင်တွေဟာ သတင်းအချက်အလက် ရေရေရာရာ မရတာကြောင့် စိတ်ပူ ဒေါသထွက်နေခဲ့ကြပါတယ်။ အမျိုးသမီး တစ်ဦးက သူ့တူမဟာ သေဆုံးသွားပြီလို့ တာဝန်ရှိသူတွေက အကြောင်းကြားခဲ့ပေမယ့် အခုထိ ကလေးရဲ့ အလောင်းကို မမြင်ရကြောင်း၊ အဝေးကနေ လှမ်းကြည့်တဲ့ အချိန်မှာ ကလေးတွေ အားလုံးလိုလိုရဲ့ မျက်နှာတွေမှာ သွေးတွေ၊ ရွှံ့တွေ ဖုံးနေပြီး ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ မလွယ်ကြောင်း ပြောပါတယ်။

လောလောဆယ်တော့ ဒေသခံ ရဲတပ်ဖွဲ့ဟာ အားကစားရုံ မန်နေဂျာနဲ့ အဆောက်အအုံကို တာဝန်ယူ တည်ဆောက်ခဲ့တဲ့ ကန်ထရိုက် တစ်ဦးကို ဖမ်းဆီးထားခဲ့ပါတယ်။

အမိုးပြိုကျမှု ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုနဲ့အတူ အားကစားရုံ နံရံတွေမှာ ရေစိမ့်ဝင်မှုတွေ ဖြစ်ပေါ်နေတာကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ ကနဦး စုံစမ်းမှုတွေအရ အားကစားရုံရဲ့ အမိုးနဲ့ နံရံတွေကို ဆောက်လုပ်ရာမှာ ရေစုပ်ယူမှု အားကောင်းတဲ့ ဓာတုပစ္စည်းတစ်မျိုး ရောနှော ပါဝင်နေတာကို အတည်ပြု တွေ့ရှိထားကြောင်းလည်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။